ရီးယဲလ်ကို စွန့်ခွာမည် မဟုတ်ဟု အန်ဆလော့တီ အတည်ပြုပြောကြား

ပို့စ်တင်ချိန် - 4/26/2014 11:40:00 PM


ရီးယဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာရန် အစီအစဉ် မရှိကြောင်း နည်းပြ ကာလိုအန်ဆလော့တီက ထုတ်ဖော် ပြောကြားလိုက်ပြီး မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဖြစ်ခွင့်ကို ငြင်းဆန် သွားခဲ့သည်။

အီတလီသား နည်းပြကြီးသည် ယခုရာသီ အစောပိုင်းကမှ ပြင်သစ်လီဂူးဝမ်း ချန်ပီယံ PSGအသင်းကို စွန့်ခွာကာ ရီးယဲလ်သို့ ရောက်ရှိလာခဲ့သည်။ အန်ဆလော့တီ လက်အောက်တွင် ရီးယဲလ်သည် အောင်မြင်မှုများ ရရှိနေပြီး ကိုပါဒယ်လ်ရေး ဆုဖလားကို ရရှိထားသလို လာလီဂါနှင့် ချန်ပီယံလိဂ် ဆုဖလားများအတွက်လည်း အကောင်းဆုံး ဆက်လက် စိန်ခေါ်နိုင်ဆဲ ဖြစ်သည်။ ယူနိုက်တက်သည် မန်နေဂျာ ဒေးဗစ်မိုယက်စ်ကို ထုတ်ပယ်ပြီးနောက် လူသစ်တစ်ဦး ခန့်အပ်ရန် ရှာဖွေနေရာ အန်ဆလော့တီသည်လည်း လျာထား စာရင်းဝင် တစ်ဦးဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

သို့သော်လည်း ချယ်လ်ဆီးနှင့် အေစီမီလန် နည်းပြဟောင်းက ၎င်းသည် ရီးယဲလ်ကို ကာလတို ကိုင်တွယ်ပြီး ထွက်ခွာသွားရန် စိတ်ကူးမရှိကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော် လောလောဆယ် ရီးယဲလ်မှာပဲ ပျော်ရွှင်နေပါတယ်”ဟု အသက်(၅၄)နှစ် ရှိပြီဖြစ်သည့် အန်ဆလော့တီက ဆိုသည်။ “ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတစ်ခုနဲ့ အတူတွဲ အလုပ်လုပ်ခွင့်ရတာ ကျွန်တော် ကံကောင်းလို့ပါ။ ကျွန်တော့်နေရာက ဒီမှာပါပဲ။ မန်ချက်စတာ ယူနိုက်တက်အပေါ် ကျွန်တော် အများကြီး လေးစားမှု ရှိပါတယ်။ မိုယက်စ် ထုတ်ပယ်ခံရတာကို ကျွန်တော် စိတ်မကောင်းဘူး။ ဒါပေမဲ့ ခုလောလောဆယ် ကျွန်တော့် နေရာမှန်က ဒီမှာပါပဲ”ဟု ၎င်းက ပြောဆိုသွားသည်။

Ref:skysports
Soccer Myanmar