ချီလီ ကမ်းခြေတွင် ၈.၂ ပမာဏရှိသော ငလျင် လှုပ်ခတ်ပြီး ဆူနာမီ ဖြစ်ပေါ်စေခဲ့

ပို့စ်တင်ချိန် - 4/02/2014 03:39:00 PM


ဧပြီ ၂။

အင်္ဂါနေ့အတွင်း ချီလီကမ်းခြေ၌ ပမာဏ အဆင့် ၈.၂ ရှိသော ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ဆူနာမီလှိုင်းများ ရိုက်ခတ်စေကာ အဝေးပြေးလမ်းမများပေါ်တွင် မြေပြိုမှုများ ဖြစ်ပေါ်စေ၍ လူ ငါးဦး သေဆုံးခဲ့သည်။

သေဆုံးသူများသည် နံရံများ ပြိုကျခြင်းနှင့် နှလုံးရောဂါများကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရမှ ပြောဆိုခဲ့သည်။ ငလျင် လှုပ်ခတ်မှုသည် ကမ်းခြေဒေသမှ ၁၂.၅ မိုင်အကွာ ပင်လယ်ကြမ်းပြင်တွင် လှုပ်ခတ်ခဲ့ပြီး ပီရူးဗီးယန်း နယ်ခြားအနီးရှိ အစ်ကွီး ဆိပ်ကမ်းမှ ကီလိုမီတာ ၁၀၀ အကွာခန့်သို့ ရိုက်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာမှုမှ ပြောဆိုခဲ့သည်။

ကမ်းရိုးတန်း ဒေသများတွင် သိသာထင်ရှားသော ထိခိုက်ပျက်စီးမှုများကို သတင်းပို့မှု မရှိသေးကြောင်း အစိုးရမှ ပြောဆိုခဲ့သော်လည်း ငလျင်လှုပ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရှုပ်ထွေးမှုများကို အခွင့်ကောင်းယူပြီး အစ်ကွီးရှိ အမျိုးသမီး အကျဉ်းထောင်မှ အကျဉ်းသမ သုံးရာခန့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်ထဲရေး ဝန်ကြီး ရိုဒရီဂိုပန်နလီလိုမှ ပြောကြားခဲ့သည်။

သို့ရာတွင် စွမ်းအင် ပြတ်တောက်မှုများကို သတင်းပို့ခဲ့သည့် ဒေသများသို့ လုံခြုံရေး တပ်ဖွဲ့မှ သွားရောက်နေစဉ်အတွင်း ထွက်ပြေးသွားခဲ့သည့် အမျိုးသမီးများထဲမှ ၁၆ ဦးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း ချီလီ စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့မှ ပြောဆိုသွားသည်။

ငလျင် လှုပ်ခတ်မှုကြောင့် အကြီးဆုံးအနေဖြင့် ၂.၃ မီတာရှိသော လှိုင်းလုံးများ ပါဝင်သည့် ဆူနာမီကို ဖြစ်ပေါ်စေခဲ့ကြောင်း ပစိဖိတ် ဆူနာမီ အချက်ပေးစင်တာမှ ပြောဆိုခဲ့သည်။ ပထမဆုံး လှိုင်းလုံးသည် ကမ်းခြေသို့ ၄၅ မိနစ်အတွင်း ရိုက်ခတ်ခဲ့ကြောင်း ချီလီ ရေတပ်မှ ပြောကြားခဲ့သည်။

အစ်ကွီးဆိပ်ကမ်းသည် ချီလီ၏ အဓိက ကြေးနီမိုင်းများနှင့် နီးကပ်သော နေရာတွင် ရှိပြီး အရေးကြီးသော ကြေးနီတင်ပို့သည့် ဆိပ်ကမ်း တစ်ခု ဖြစ်သည်။ ၎င်းဒေသသည် လတ်တလော သီတင်းပတ်များအတွင်း ပုံမှန် မဟုတ်သည့် ငလျင်လှုပ်ခတ်မှုများကြောင့် သတိပေးထားသော ဒေသဖြစ်သည်။

ချီလီ မြောက်ပိုင်းကမ်းခြေ ဒေသတွင် စွန့်ခွာမှုများကို အစိုးရမှ ပြုလုပ်စေခဲ့ပြီး ပစိဖိတ် ကမ်းရိုးတန်း တစ်လျှောက် မက္ကဆီကိုမှ အလယ်ပိုင်းနှင့် တောင်ပိုင်း အမေရိက ဒေသများကို ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။

ချီလီသည် ကမ္ဘာပေါ်တွင် ကြေးနီအများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်သည်။ လုပ်ငန်း လုပ်ဆောင်မှုများတွင် ကြီးမားသည့် ပျက်စီး ဆုံးရှုံးမှုများ မရှိကြောင်းကို သတ္တုတူးဖော်သည့် ကုမ္ပဏီများမှ ပြောဆိုခဲ့သည်။ နိုင်ငံတွင်း ဆူနာမီ သတိပေးမှုမှ အနည်းဆုံး ခြောက်နာရီ ခန့် ကြာမြင့်ဦးမည် ဖြစ်ကြောင်း အင်္ဂါနေ့ နှောင်းပိုင်းတွင် အစိုးရမှ ထုတ်ပြန်ခဲ့သည်။

၂၀၁၀ ခုနှစ်က ၈.၈ ပမာဏရှိ ငလျင် လှုပ်ခတ်မှုကြောင့် ဆူနာမီ ဖြစ်ပေါ်ခဲ့ပြီး ချီလီ၏ အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများရှိ  ကမ်းခြေမြို့များ ပျက်စီးခဲ့ပြီး လူပေါင်း ၅၂၆ ဦး သေဆုံးခဲ့သည်။

REF: Reuters
The Myanma Age