ပိုက်ဆံမသုံးတဲ့ဘဝ

ပို့စ်တင်ချိန် - 4/05/2014 08:49:00 AM



မနေ့ကဖတ်မိတဲ့စာတစ်ပုဒ်ကို အတိုချုံးရေးပြီး မျှဝေလိုက်ပါတယ်…

ဂျာမဏီနိုင်ငံက အမျိုးသမီးတစ်ဦးဟာ အိမ်မရှိ၊ ကားမရှိ၊ ပိုက်ဆံအိတ်မရှိတဲ့ဘဝနဲ့ ဘဝကို ဖြတ်သန်းနေခဲ့တာ ၁၈နှစ်ရှိခဲ့ပြီဖြစ်တယ်။ သူ့နာမည်က Heidemarie Schwermer လို့ခေါ်ပါတယ်။ ၁၉၉၆ခုနှစ်မှာ သူဟာ အလုပ်ကထွက်ပြီး၊ အိမ်ကို အိမ်ရှင်ဆီပြန်အပ်ပြီး၊ ပိုင်ဆိုင်သမျှပစ္စည်းတွေ လူများကိုပေးပစ်ပြီး ပိုက်ဆံမသုံးတဲ့ဘဝကို စတင်ခဲ့တာဖြစ်တယ်။ သူရဲ့စားဝတ်နေရေးကိုတော့ လူများကို ပန်းဥယျာဉ်ပြင်ပေးတာ၊ အိမ်သန့်ရှင်းရေးလုပ်ပေးပြီး အစားအစာ၊ အိပ်ဖို့နေရာနဲ့ လဲလှယ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီနှစ်မှာ ၇၂နှစ်ပြည့်ပါပြီ။

Schwermer ကို ၁၉၄၂ခုနှစ်က ကော်ဖီစက်ရုံပိုင်ရှင် သူဌေးမိသားစုက မွေးဖွားခဲ့တာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ သူနေတဲ့နေရာလေးလည်း စစ်မီးတွေကူးစက်ပြီး ဖခင်က စစ်ထဲဝင်၊ မိခင်က သူတို့မောင်နှမသုံးယောက်နဲ့ စစ်ပြေးဒုက္ခသည်တွေ ဖြစ်ခဲ့ကြရတယ်။ နဂိုချမ်းသာတဲ့ဘဝကနေ ဆင်းရဲတဲ့ဘဝကို ချက်ချင်းရောက်သွားခဲ့ရတယ်။ ဘာဖြစ်လို့ ငွေကြေးနဲ့ ဥစ္စာပစ္စည်းမရှိရင် သူတို့မိသားစုက တခြားသူရဲ့အကြည့်မှာ တန်ဖိုးမရှိတော့တာလဲ၊ ငွေကြေးဆိုတာ လူ့တန်ဖိုးကို တိုင်းတာတဲ့တစ်ခုတည်းသော စံနှုန်းလားလို့ သူတွေးမိခဲ့တယ်။

ကျောင်းပြီးတော့ သူကျောင်းဆရာမလုပ်ခဲ့တယ်။ ကျောင်းဆရာမအလုပ်ကို နှစ်၂ဝလောက်လုပ်ပြီး သူအလုပ်ထွက်ခဲ့တယ်။ ပြီးတော့ စိတ်ရောဂါဆရာဝန်အလုပ်ကို သူလုပ်ခဲ့ပါတယ်။ တစ်နေ့မှာ မထင်မှတ်ဘဲဖြစ်လာတဲ့ အခွင့်အရေးတစ်ခုက သူ့ဘဝတစ်သက်ကို ပြောင်းလဲပစ်လိုက်ပါတယ်။

တစ်နေ့မှာ ရေဒီယိုထဲကနေ သတင်းတစ်ခုကို သူနားထောင်လိုက်မိတယ်။ ကနေဒါတောရွာက ကုမ္ပဏီတစ်ခုဟာ ရုတ်တရက် တံခါးပိတ်လိုက်ရတယ်။ ရွာခံတွေ အလုပ်လက်မဲ့ဖြစ်ကုန်ကြတယ်။ အလုပ်မရှိလို့ အချင်းချင်းကူညီနိုင်အောင်ဆိုပြီး သူတို့ဟာ အလုပ်လဲလှယ်ဝန်ဆောင်တဲ့အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ ငါ့ကားကို နင်ပြင်ပေးတယ်၊ နင့်ကို ငါထမင်းချက် သန့်ရှင်းရေးလုပ်ပေးမယ်။ အဲဒီသတင်းကိုကြားတာနဲ့ Schwermerဟာ ဘာဖြစ်လို့ ဒီလိုအဖွဲ့တစ်ဖွဲ့ကို မဖွဲ့သလဲ၊ ငွေကြေးမပါဘဲ လူ့တန်ဖိုးနဲ့ပဲ လူ့အဖွဲ့အစည်းကို လည်ပတ်နိုင်တာပဲလို့ အတွေးတစ်ခုဖျတ်ခနဲရသွားခဲ့တယ်။

လုပ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက် Schwermer ဟာ ကိုယ်ပိုင်အဖွဲ့ငယ်တစ်ဖွဲ့ဖွဲ့ပြီး ဘယ်သူက ဘာဝန်ဆောင်မှုလိုတယ်ဆိုတာတွေ မှတ်သားပြီး ဝန်ဆောင်လဲလှယ်မှုတွေ လုပ်ခဲ့တယ်။ စစချင်းမှာ ဒီအဖွဲ့လေးက Dortmund မြို့လောက်ပဲကန့်သတ်ဝန်ဆောင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ဂျာမဏီတစ်နိုင်ငံလုံးဆီ အလျင်အမြန်ပျံ့နှံ့ခဲ့ပါတယ်။

ဒီလို ပိုက်ဆံမသုံးတဲ့ဘဝအတွေ့အကြုံကို Das Sterntalerexperiment (အင်္ဂလိပ်ဘာသာပြန်က The sterntaler experiment – my life without money)ဆိုပြီး သူ စာအုပ်စာအုပ်ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်နဲ့ သူနာမည်ကြီးသွားခဲ့ပြီး စာမူခထိုက်ထိုက်တန်တန်ရသွားခဲ့ပါတယ်။ စာမူခအားလုံးကိုလည်း တခြားလူကို သူပေးကမ်းလှူဒါန်းခဲ့ပါတယ်။

အခုအချိန်မှာ http://livingwithoutmoney.org/ အဖွဲ့အစည်းကိုတည်ထောင်ပြီး ဒီပိုက်ဆံမသုံးတဲ့ဘဝက နိုင်ငံပေါင်း ၃ဝထိ ပျံ့နှံ့နေခဲ့ပြီလို့ သိရပါတယ်။

http://vimeo.com/21063795 မှတ်တမ်းရုပ်ရှင်လေးပေါ့..
https://www.facebook.com/livingwithoutmoney


နိုင်းနိုင်းစနေ