အီရတ် စစ်သားများနှင့် ရဲတပ်ဖွဲ့တို့ မဲပေးနေစဉ်တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်

ပို့စ်တင်ချိန် - 4/29/2014 04:02:00 PM


ဧပြီ ၂၉။

လာမည့် နှစ်ရကအတွင်း ကျင်းပမည့် အီရတ်နိုင်ငံ ရွေးကောက်ပွဲအတွက် ရဲတပ်ဖွဲ့နှင့် စစ်သားများမှ ကြိုတင် မဲပေးနေစဉ်နှင့် နိုင်ငံရေး
ဆိုင်ရာ စုဝေးမှုများတွင် အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၃၀ ကျော်မှာ တနင်္လာနေ့တွင် သေဆုံးခဲ့ကြောင်း အာဏာပိုင်များနှင့်
မျက်မြင်သက်သေများမှ ပြောဆိုကြသည်။

ဘဂ္ဂဒက် အရှေ့မြောက်ပိုင်း မိုင် ၁၀၀ အကွာခန့်တွင် တည်ရှိသော ခန်နာကွင်းမြို့တွင် ဖြစ်ပေါ်ခဲ့သည့် ၎င်းအသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့်
အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၅၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်သူဟာ ကာ့ဒ်မျိုးချစ်များ သမဂ္ဂရဲ့ ဌာနချုပ် အနီးက လူအုပ်ထဲမှာ ဝင်နေပြီးတော့ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာပါ။ ဒီလို လုပ်ဆောင်
ခဲ့တဲ့အတွက် လူအများအပြား သေဆုံးခဲ့ရတာပါ ” ဟု သေဆုံးရာတွင် ပါဝင်သွားသူ တစ်ဦး၏ အကိုဖြစ်သူ ရဲအရာရှိမှ ငိုရှိုက်ရင်း ပြောကြားခဲ့သည်။

တပြိုင်နက်တည်းတွင်ပင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ယူနီဖောင်းများကို အယောင်ဆောင် ပြောင်းလဲဝတ်ဆင်ထားသည့် ဆွန်နီ မွတ်စလင် စစ်သွေးကြွများသည်
ဘဂ္ဂဒက် တစ်ဝိုက်ရှိ မဲရုံများနှင့် မြောက်ပိုင်း အီရတ်ဒေသရှိ မဲရုံများကို တိုက်ခိုက်ခဲ့ကြပြီး ၂၀၀၃ ခုနှစ် ဆက်ဒမ်ဟူစိန်၏ ကျဆင်းမှု နောက်ပိုင်းတွင်
စတုတ္ထအကြိမ်မြောက် ကျင်းပသည့် နိုင်ငံ့ရွေးကောက်ပွဲကို နှောက်ယှက်ရန် လုပ်ဆောင်ခဲ့ကြသည်။

သာမန် အီရတ်ပြည်သူများ ဗုဒ္ဓဟူးနေ့ မဲမပေးမှီတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။ အနောက်ပိုင်းဒေသ အန်ဘာခရိုင်အတွင်းနှင့် မြို့တော်
ပတ်ပတ်လည် ဒေသများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ အယ်လ်ကေဒါ တပ်ဖွဲ့ခွဲများ၊ အရှေ့ပိုင်း အီရတ် အစ္စလာမ်မစ်  (ISIL)အဖွဲ့များနှင့်
တိုက်ခိုက်နေကြရသည်။

ဝန်ကြီးချုပ် အယ်လ်မာလီကီမှ တတိယအကြိမ် ဝင်ရောက် ရွေးကောက်ခံရန် ကြိုးစားမှုမှာလည်း ရှီးအိုက်မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံတွင်
ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများသည် ၂၀၀၈ ခုနှစ်ကတည်း အတင်းမာဆုံး အခြေအနေသို့ ရောက်ရှိနေသည့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုနှင့်
ရင်ဆိုင်ရလျက် ရှိသည်။

အနီးနားဒေသရှိ အဒ်ဟာမီရာတွင်လည်း မဲရုံ၌ အသေခံ ဗုံးခွဲမှုကြောင့် ရဲအရာရှိ ၄ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့သည်။
“ လမ်းဘေးကနေ စစ်တပ် ဝတ်စုံနဲ့ လူတစ်ယောက် ကျွန်တော်တို့ အရှေ့ကို လျှောက်လာနေတာကို တွေ့ခဲ့ပါတယ်။ အဲ့ဒီလူဟာ အသေခံ
ဗုံးခွဲသမား ဖြစ်တယ်ဆိုတာကို နားလည်လိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ ထွက်ပြေးခဲ့ကြပါတယ် ” ဟု မဲပေးရန် စောင့်ဆိုင်းနေသည့် ရဲတပ်သား
အာမက် ဆူလတန်မှ ပြောကြားခဲ့သည်။

ဆွန်နီမွတ်စလင် ကာလီဖိတ်အဖွဲ့အစည်းကို ထူထောင်လိုသည့် ISIL အဖွဲ့သည် အီရတ် ဆွန်နီများအား မဲပေးလျှင် သတ်ဖြတ်မည် ဖြစ်ကြောင်း
ခြိမ်းခြောက်ထားသည်။ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများမှာ မဲပေးရန် လုံခြုံမှုမရှိကြောင်း လူအများအား ခြောက်လှန့်ရန်
ရည်ရွယ်သည့် ပုံပေါ်လျက် ရှိသည်။

မြောက်ပိုင်း အီရတ်ဒေသအတွင်း ISILအဖွဲသည် လုံခြုံရေး တပ်ဖွဲ့များအပေါ်တွင် ခြုံခိုက်တိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် လူနေအိမ်များတွင်
ဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ရာတွင် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြသည်။

တက်ဇ်ခါမာတူတွင် ရဲတပ်ဖွဲ့ ဝတ်စုံ ဝတ်ဆင်ထားသော အသေခံ ဗုံးခွဲသမားမှ တိုက်ခိုက်ရာတွင်လည်း ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး လူ ၉ ဦး ဒဏ်ရာ
ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

ဆွန်နီ စစ်သွေးကြွများသည် ရှီးအိုက် တာ့ခ်မျိုးနွယ် လူနည်းစုများ နေထိုင်ရာ ဒေသများတွင် တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်လျက် ရှိသည်။
ကတ်ကာ့ရှိ မဲရုံတွင် ရဲတပ်ဖွဲ့ဝတ်စုံ ဝင်ဆင်ထားသူ၏ အသေခံ ဗုံးခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်။ မြောက်ပိုင်းမြို့တော် ကတ်ကာ့၏
အနောက်တောင်ဘက် မိုင် ၄၀ အကွာခန့်ရှိ ဟာဝီဂျာမြို့ မဲရုံတွင် စစ်တပ်ဝတ်စုံ ဝတ်ဆင်ထားသူ၏ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦး
သေဆုံးခဲ့ပြီး လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

Ref: Reuters
The Myanma Age