ငွေဆောင် ဟိုတယ်ဇုန်တွင် ချောင်းသာထက် ဟိုတယ်နှင့် အခန်းအရေအတွက် ပိုများသော်လည်း ချောင်းသာသို့ ဧည့်သည်ဝင်ရောက်မှုမှာ ငါးဆကျော် ပိုများနေ

ပို့စ်တင်ချိန် - 4/19/2014 09:48:00 AM

ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေကြသော ပြည်တွင်းခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး)

မြန်မာနိုင်ငံ၏ ကျော်ကြားသော အပန်းဖြေကမ်းခြေ နေရာများဖြစ်သည့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေတွင် ငွေဆောင်၌ ဟိုတယ်အလုံးရေနှင့် အခန်းအရေအတွက် ပိုများသော်လည်း ခရီးသည်ဝင်ရောက်မှုနှုန်းမှာ ချောင်းသာက ငါးဆကျော် ပိုများလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃ ခုနှစ် စာရင်းများအရ ငွေဆောင်တွင် ဟိုတယ်အလုံးရေ ၂၃ လုံး၊ အခန်းရေ ၁၂၆၄ ခန်းရှိပြီး ချောင်းသာတွင် ဟိုတယ် အလုံးရေ ၂၀ နှင့် အခန်းရေ ၇၈၀ ကျော် လိုင်စင်ရယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်မှုနှုန်းမှာ ၃၉၇၀၀ ဦးသာရှိခဲ့ပြီး ချောင်းသာကမ်းခြေသို့ ခရီးသည် နှစ်သိန်းကျော်ထိ ၀င်ရောက်ခဲ့သဖြင့် ခရီးသည် ငါးဆကျော် ပိုမိုဝင်ရောက် ခဲ့ကြောင်း သိရသည်။

“ချောင်းသာမှာက အစားအသောက်ပေါတယ်။ ဒေသထွက် အစားအစာတွေ ၀ယ်တဲ့အခါမှာလည်း ငါးခြောက်ကအစ ဈေးပိုသက်သာတယ်။ ချောင်းသာဈေးထဲသွားပြီး စိတ်ကြိုက်ဝယ်လို့ရတော့ ငွေဆောင်ထက်စာရင် ချောင်းသာကိုပဲ ပိုသွားဖြစ်တယ်။ ဒါပေမဲ့ ရေနဲ့ကမ်းခြေကတော့ ငွေဆောင်က အများကြီး ပိုသန့်တယ်” ဟု နှစ်စဉ်အဆိုပါ ကမ်းခြေများသို့ သွားရောက်လည်ပတ်သူ တစ်ဦးက ပြောကြားသည်။

ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများတွင် နိုင်ငံခြားခရီးသွားများ လုံခြုံရေးအတွက် Tourist Police တပ်ဖွဲ့စိတ်များအား တာဝန်ပေးအပ်ထားပြီး ဟိုတယ်နှင့် ခရီးသွားရုံးခွဲများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ မောင်းမကန် စသည့်ထင်ရှားသည့် ကမ်းခြေများရှိသော်လည်း ငပလီမှာ သွားလာရန် လမ်းခရီးဝေးကွာမှုနှင့် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေ များသို့သာ ပြည်တွင်းခရီးသွားများ သွားရောက်မှု များပြားကြောင်း သိရသည်။

Eleven Media Group