အားသာချက်ဖြစ်နေတဲ့ အလှအပချို့ယွင်းချက်များ

ပို့စ်တင်ချိန် - 4/24/2014 03:33:00 PM


မျက်လုံးမှေးခြင်း၊ သွားကျဲခြင်း၊ မျက်နှာ အဆီပြန်ခြင်း စတာတွေကို မိန်းကလေး အတော်များများက မနှစ်သက်ကြဘဲ အလှအပဆိုင်ရာ အပြစ်အနာအဆာတွေလို့ သတ်မှတ်လေ့ ရှိကြပါတယ်။ သဘာဝကပေးတဲ့ ကိုယ့်ရုပ်ရည်ကို
အားမလိုအားမရ ဖြစ်တတ်ကြပါတယ်။ အဲလို ကိုယ့်ရုပ်ရည်ကို ကိုယ်စိတ်တိုင်းမကျ သူတွေအတွက် ကိုယ့်ချို့ယွင်းချက်လို့ ထင်ထားတာတွေက အားသာချက်တွေ ဖြစ်တတ်ကြောင်း၊ အားသာချက်ဖြစ်အောင် လုပ်လို့ရကြောင်း ဖော်ပြလိုက်ပါတယ်။


သွားကျဲကျဲ
သွားကျဲတာပျောက်အောင် သွားဆေးခန်းမှာ သွားညှိတဲ့ ကြိုး (ဘမကျေ) တပ်ပေးလို့ ရပါတယ်။ သွားကျဲတာ၊ သွားခေါတာ၊ သွားထပ်တာတွေ ပျောက်အောင် ခုနောက်ပိုင်း သွားညှိတဲ့ ကြိုးတပ်ကာ ပြုပြင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မူလသဘာဝအတိုင်း သွားကျဲတာလေးကလည်း အများနဲ့မတူတဲ့ ဆွဲဆောင်မှု တစ်မျိုးပဲ။ ကမ္ဘာကျော် အဆိုတော်မက်ဒေါနား၊ မော်ဒယ်လ်ကိတ်မော့စ်နဲ့ တခြား နာမည်ကျော် တချို့ဆိုရင် သွားကျဲတာကိုပဲ ဂုဏ်ယူကာ သွားကျဲတာ မပေါ်ပေါ်အောင် ရယ်ပြလေ့ ရှိပါတယ်။ ချစ်ဖို့ကောင်းတဲ့ သွားလေးတွေပေါ်အောင် နှုတ်ခမ်းနီကို ခပ်ရဲရဲ ဆိုးလိုက်ပါ။ မင်းသမီး ဂျော်ဂျီယာမေ့ဂျစ်ဂါ ဆိုရင် သွားကျဲလေးတွေ ပေါ်လွင်စေတဲ့ နှုတ်ခမ်းနီ ရဲရဲကို မဆိုးထားတာ မရှိသလောက်ပါပဲ။ နှုတ်ခမ်းနီရဲရဲနဲ့ အထာကျနေတတ်ပါတယ်။

အဆီပြန်မျက်နှာ

သင့်မျက်နှာပြင်က မုန့်ဆီကြော်လို့ အဆီတ၀င်းဝင်းနဲ့ ဖြစ်နေနိုင်ပေမယ့် မျက်နှာ အဆီပြန်ခြင်းကို ချို့ယွင်းချက်လို့ မသတ်မှတ်လိုက်ပါနဲ့။ သင်ရဲ့မွေးရာပါ မျက်နှာဝင်းဝင်းစိုစိုလေးလို ဖြစ်အောင် မိတ်ကပ်ဆရာတွေက မနည်းလိုက်ပြင်ရတာ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်စမ်းပါ။ မင်းသမီးလီတန် မီစတာ (Leighton Meester) ဆိုရင် သူရဲ့ အဆီပြန်တဲ့ အသားအရေကို သဘောကျလို့မဆုံး ဖြစ်နေတာ။ ဒီလောက် ပြောနေတာတောင်မှ သူ့လိုမျိုး ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုမရှိဘဲ အဆီပြန်ခြင်း ကင်းဝေးလိုတယ်ဆိုရင်တော့ ချွေးပေါက်ဖုံးပေးတဲ့ မိတ်ကပ်အောက်ခံ (Pore-reducing Primer/ Make-up Base) လိမ်းပေးနိုင်ပါတယ်။ အဲဒီအောက်ခံမျိုးဟာ အဆီပြန်တာကို ထိန်းပေးသလို ၀က်ခြံအမာအရွတ်တွေကိုလည်း ဖုံးပေးနိုင် ပါတယ်။
ဆက်စပ် - ဆောင်းရာသီအတွက် အဆီပြန် အသားပတ် ဆားဝက်ခြံ ထွက်သူအတွက် နည်းလမ်းလေးပါ

အသားဖြူဖျော့ဖျော့

အများစုက အသားဖြူတာကို နှစ်သက်ကြပေမယ့် ဖြူလွန်းဖွေးလွန်း သူတွေကျတော့လည်း သွေးမရှိတဲ့ လူမမာရုပ်လို ဖြူဖပ်ဖြူရော်နဲ့ ကြည့်ရဆိုးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တတ်ကြပါတယ်။ ရတာမလို၊ လိုတာမရ ဆိုသလိုပေါ့။ ကိုရီးယားမလေးတွေ လှနေတာ ဖြူလွန်းတဲ့ အသားအရေကြောင့်ပါ။ မင်းသမီး စကားလတ်ဂျိုဟန်ဆန်ရဲ့ နှုတ်ခမ်းတူတူက ထင်းပြီး ဆွဲဆောင်မှုရှိနေတာကလည်း သူရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကြောင့်ပါ။ သူတို့ဟာ သူတို့ရဲ့ အသားအရောင် အားသာချက်ကို သိရှိပြီး ဂုဏ်ယူစွာနဲ့ ထုတ်ဖော်ပြတတ်ကြပါ တယ်။ အသားဖြူလွန်းသူတွေ ရှောင်ရမယ့် အရာကတော့ ညိုလွန်းတဲ့ မိတ်ကပ်တွေပါ။ သဘာဝမကျစွာ ညိုမည်းစေကာ ညစ်ညစ်ကြီး ဖြစ်သွားစေနိုင်ပါတယ်။ အဲဒီအစား မျက်နှာကို ပြောင်ပြောင်လက်လက် ဖြစ်စေနိုင် မယ့် Highlighter တွေ Shimmer တွေ သုံးပေးနိုင်သလို ပန်းရောင်၊ ပန်းလိမ္မော်ရောင် ပါးနီလေး ဆိုးပေးနိုင်ပါတယ်။
ဆက်စပ် - ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း


မျက်ခုံးမွေးထူထူ

ခုနောက်ပိုင်း မျက်ခုံးမွေးထူထူတွေ ခေတ်စားနေတာကို သတိထားမိကြမှာပါ။ မင်းသမီးနန္ဒာလှိုင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ချစ်သုဝေတို့ရဲ့ မျက်ခုံးမွေးထူထူနဲ့ကိုပဲ ကြည့် လေ။ မျက်ခုံးမွေးက မျက်နှာမှာ ထင်းနေတာ ပဲ။ မျက်ခုံးမွေးထူသူ အများစုက သူတို့ရဲ့ မျက်ခုံးမွေး ထူထူကို ဂုဏ်ယူစွာနဲ့ ပုံမသွင်းဘဲ၊ မရိတ်ဘဲ ဒီအတိုင်းလေး ထားတတ်ကြပါတယ်။ မျက်ခုံးမွေးထူသူတွေအတွက် အကြံပေးချက်ကတော့ မျက်ခုံးမွေး ထူလပျစ်ပုံ ပေါက်မနေဘဲ သပ်သပ်ရပ်ရပ် ရှိဖို့ပါပဲ။ မျက်ခုံးမွေး ပုံသွင်းတဲ့ Gel ကို လိမ်းပေးပြီး မျက်ခုံးမွေးဖြီးတဲ့ ဘရပ်ရှ်အပေါ် ဘက်သပ်ကာဖြီးပြီး ဘေးဘက်ဆွဲဖြီးလိုက်ပါ။ သပ်ရပ်တဲ့ ပုံပေါက်  သွားပါလိမ့်မယ်။ အောက်နားက မျက်ခုံးမွေး တချို့ကို ရိတ်ပြီးလည်း ပုံသွင်းလိုက်ပါ။

နှုတ်ခမ်းပါးပါး

အင်ဂျလီနာဂျိုလီလို ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းထူထူ မပိုင်ဆိုင်တော့ရော ဘာဖြစ် သေးလဲ။ ကိုယ့်နှုတ်ခမ်းပါးပါးလေးကို ထူထူလေးလို့ ထင်ရအောင် လုပ်နိုင်တဲ့နည်းတွေ ရှိနေတာပဲဟာ။ နှုတ်ခမ်းကို ပိုပြီးပါးစေနိုင်တဲ့ နှုတ်ခမ်းနီအရောင် ရင့်ရင့်တွေကို ရှောင်ပါ။ အရောင်ဖျော့ပြီး အပြောင်အလက်လေးတွေ ပါတဲ့ နှုတ်ခမ်းအဆီ (Lip Gloss) တွေက နှုတ်ခမ်းထူထူ ရွှဲရွှဲလေး ဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းသားအလယ်မှာ Gloss လေး ခပ်များများ တို့ပေးရင်လည်း နှုတ်ခမ်းသားပြည့်ပြည့် ဖောင်းဖောင်းလေး ဖြစ်စေသလို အပေါ်နှုတ်ခမ်းအလယ်ချိုင့်မှာ ထည့်ပေးရင်လည်း နှုတ်ခမ်းစူစူနဲ့ ဆွဲဆောင်မှု ရှိစေနိုင်ပါတယ်။


မျက်လုံးမှေးမှေး

အဆိုတော်မလေး တေလာဆွဖ်တ် တောင် မျက်လုံးသေးသေးလေးနဲ့ လှနေတာ ပဲ။ ကိုယ့်မျက်လုံးမှေးလို့ စိတ်ညစ်မနေပါနဲ့။  မျက်လုံးသေးသူတွေအတွက် အဓိက လိုအပ်ချက်ကတော့ မျက်တောင်ကော့ ကိရိယာနဲ့ မျက်တောင်ကော့ဆေးပါ။ မျက်လုံးအောက် အတွင်းမျက်ခမ်းမှာ အိုင်းလိုင်နာ အဖြူရောင် ဆိုးပေးခြင်းကလည်း မျက်လုံးကို ပိုကျယ်စေတယ်လို့ ထင်ရစေပါတယ်။ အရောင်မှောင် တဲ့ အိုင်းရှဲဒိုးတွေရှောင်ကာ အဲဒီအစား အရောင်ဖျော့ဖျော့ လင်းလင်းလေးတွေကို မျက်ခွံနဲ့ မျက်လုံးအတွင်းထောင့်မှာ ထည့်ပေးပါ။ အောက်မျက်ခမ်းအတွင်းဘက်ကို အနက် ရောင်ကွက်ခြင်းက မျက်လုံးကို ပိုကျဉ်းစေနိုင် တာကြောင့် မျက်လုံးအပေါ်ဘက် အနားတစ်လျှောက်သာ အိုင်းလိုင်နာ ဆိုးပေးပြီး မျက်တောင်ကော့ဆေး များများသုံးပေးဖို့ လိုပါတယ်။


ဆံလုံးသေးသေး

သင့်ဆံပင်ဆံလုံးသေးလို့ သင့်အနေနဲ့ မကြိုက်ရင် မကြိုက်မယ် တကယ်ကတော့ ဆံလုံးသေးသူတွေက ဆံပင်ပုံစံပြောင်းဖို့ ပိုပြီး လွယ်ကူပါတယ်။ ဆံလုံးသေးတာ ချို့ယွင်းချက်မဟုတ်ပါဘူး။ ဆံလုံးသေးတဲ့ ဆံပင်တွေက ပျော့ပျောင်းနူးညံ့တယ်။ ရှင်းရလွယ်ကူ တယ်။ ပုံသွင်းရလည်း လွယ်ကူတယ်။ ကောက်ရင် ကောက်တဲ့အတိုင်း ပုံပေါ်တယ်။ ဆေးဆိုးရင်လည်း လိုချင်တဲ့အရောင်ထွက်တယ်။ ဒါပေမဲ့ ဆံလုံးသေးသူတွေ သတိထားရမှာကတော့ ဆံပင်ညှပ်တဲ့ပုံစံကိုပါပဲ။ ဆံပင်ကို တုံးတိကြီး တစ်ထပ်တည်းညှပ်ပါက ဆံပင် အုံပါးသလို ထင်ရစေပါတယ်။ ဆံပင်ကို အထပ်ထပ်ဖြစ်အောင် Step များများ ညှပ်ပေးပါက ဆံပင်အုံထူသလို ဖြစ်စေနိုင်ပါ တယ်။

ဆက်စပ် - ဆံပင်နှစ်ခွ ဖြစ်ခြင်းအတွက် ကာကွယ်နည်းများ

ပန်းဆီ

The Chic Magazine (၂၀၁၁ စက်တင်ဘာထုတ်)