ဝဲဘက်ရှေ့ဘီးပေါက်၍ ယာဉ်တိမ်းမှောက်ပြီး ၄ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/21/2014 12:05:00 PM


နေပြည်တော်၊ ဧပြီ ၂၀
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၇/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၄)ရပ်ကွက်နေ ကျော်ကျော်ထွဏ်းထွဏ်း(၄၀)နှစ်မောင်းနှင်လာသည့် ၂စ/xxxx နစ်ဆန်းဘင်နတီယာဉ်သည် ၀ဲဘက်ရှေ့ဘီးပေါက်ကာ လမ်းလယ်ကျွန်းအားကျော်တက်၍ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ အောင်ကျော်ဦး(၂၃)နှစ်ပါ ကျား ၁ ဦး၊ မ ၃ ဦး၊ စုစုပေါင်း (၄)ဦးတို့တွင် ဦးခေါင်းယာထိပ်ပေါက်ပြဲ၊ မျက်နှာညိုမဲ၊ ခြေဖ၀ါးပေါက်ပြဲ၊ ၀ဲဒူး/ယာလက်မောင်းပွန်းပဲ့၊ ဦးခေါင်းအရေပြားလန်၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ယာခြေသလုံးညိုမဲ၊ ဦးခေါင်း ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် (၄)ဦးစလုံး သေဆုံး သွားခဲ့သည်။ ထို့ပြင် မောင်အေးမင်းထွန်း(၁၃)နှစ်ပါ ကျား ၂ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၄)ဦးတွင် ၀ဲမျက်လုံးညိုမဲ၊ ၀ဲနားသွေးထွက်ဒဏ်ရာ၊ ရန်ကင်းမြို့နေ ကေဇင်လင်း(၁၂)နှစ်ပါ ကျား ၈ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၁၀)ဦးတို့တွင် ယာနားထင်ပေါက်ပြဲ၊ မျက်လုံး/၀ဲလက်ဖျံပွန်းပဲ့၊ ခါးနာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းနှင့် ယာဉ်မောင်း ကျော်ကျော်ထွဏ်းထွဏ်းအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်