ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်တွင် မီးဘေးသင့်ပြည်သူများ အကူအညီလိုအပ်

ပို့စ်တင်ချိန် - 4/30/2014 06:47:00 PM


ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က တရွာလုံးနီးပါး မီးဘေးသင့်ခဲ့တဲ့ ငါးဟေရွာက ရွာသူရွာသားတွေ အကူအညီတွေ အများကြီး လိုနေသေးတယ်လို့ လားဟူအမျိုးသမီးအဖွဲ့က ပြောပါတယ်။

အိမ်ခြေ ၇၂ လုံးရှိတဲ့ အဲဒီရွာမှာ အိမ် ၃ လုံးလွဲပြီး အားလုံးနီးပါးမီးလောင်သွား ပါတယ်။ လောလောဆယ် အိမ်ပြန်မဆောက်နိုင်သေးဘဲ လူပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါးဟာ ယာယီမိုးကာတဲ ရွက်ဖျဉ်တဲတွေမှာ နေနေရပြီး စောင်၊ အ၀တ်အစားနဲ့ အသုံးအဆောင် ပစ္စည်းတွေ လိုအပ်နေတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ လားဟူအမျိုးသမီး အဖွဲ့အစည်း ပြောခွင့်ရ နာဗစ်ဘွန်က ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်ပြီးချိန်က မြို့နယ်အုပ်ချုပ်ရေးဘက်ကရော အခြားလူမှုအဖွဲ့အစည်းတွေကပါ စားနပ်ရိက္ခာ အသုံးအဆောင်တချို့ လာရောက်လှူ ခဲ့ပေမယ့် ရွာသားအများစုက အ၀တ်တထည် ကိုယ်တခုသာ ကျန်ခဲ့တာမို့ နောက်ထပ် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

သူတို့ကို မြို့နယ်အုပ်ချုပ်ရေးဘက်က နေအိမ်ပြန်ဆောက်ပေးမယ်လို့ ပြောသွားခဲ့ပေမယ့် ဒီနေ့ထိ ဘာမှလာလုပ်ပေးတာ မရှိသေးဘူးလို့ နာဗစ်ဘွန်က ဆက်ပြောပါတယ်။

ငါးဟေရွာမှာ လားဟူတိုင်းရင်းသား အများစု နေထိုင်ပြီး တောင်ယာအလုပ်ကို အဓိကထား လုပ်ကာ မီးလောင်တဲ့နေ့က လူကြီးတွေက တောင်ယာသွားနေတဲ့အတွက် မီးဟာ ဘယ်ကနေ ဘယ်လိုစလောင်တာ အတိအကျ မသိရဘဲ ရွာသားအများစုကတော့ တောမီးကနေတဆင့် ကူးစက်တာလို့လည်း ပြောဆိုနေကြပါတယ်။

DVB Burmese