၂၀၁၅ ရွေးကောက်ပွဲအတွက် သမ္မတဦးသိန်းစိန် ယခုအထိ မစဉ်းစားသေး ဆို

ပို့စ်တင်ချိန် - 4/18/2014 11:07:00 AM


၂၀၁၄ မတ်လ ၂၆ ရက်နေ့က သမ္မတဦးသိန်းစိန်မှ ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောစဉ် ၊ ဓာတ်ပုံ – AKM

သမ္မတဖြစ်ရေး ကိုယ့်ဟာကိုယ် ဘယ်လောက်ပဲ ပြောနေပြောနေ
ဘယ်သူမှ အဆိုမပြုလျှင် လုပ်လို့မရ
ဦးသိန်းစိန်ကမူ သမ္မတအဖြစ် အရွေးခံလိုကြောင်း ပြောမည်မဟုတ်ဟု
သမ္မတပြောခွင့်ရှိသူပြောခြင်း

ရန်ကုန်၊ ဧပြီ ၉

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ပါဝင်ခြင်း၊ သမ္မတအဖြစ် ထပ်မံရွေးချယ်ခံ ဆောင်ရွက်လိုခြင်း ရှိ၊ မရှိအပေါ် သမ္မတကိုယ်တိုင်သာ ပြည်သူလူထုအား ပြောကြားမည်ဟု သတင်းထုတ်ပြန်မှု ရှိခဲ့သော ကိစ္စနှင့်ပတ်သက်၍ ယခုအချိန်အထိ သမ္မတဦးသိန်းစိန်သည် အထက်ပါ ကိစ္စရပ်များအပေါ် စဉ်းစားမှုပင် မရှိသေးကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

““သမ္မတကြီးကတော့ ကျွန်တော်အရင်တုန်းက ပြောသလိုပေါ့။၂၀၁၅ အတွက် ဘာမှ မစဉ်းစားသေးပါဘူး။ လောလောဆယ် စဉ်းစားနေတာကတော့ ငြိမ်းချမ်းရေးရယ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ရယ်၊ နောက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခု လူငယ်တွေအတွက် ထားနိုင်ဖို့ ဒါကိုပဲ သူဦးစားပေးပြီး လုပ်နေပါတယ်””ဟု ဦးရဲထွဋ်က ပြောသည်။

မကြာမီ ပြောကြားနိုင်ဖွယ်ရှိသည့် သမ္မတ၏ နှစ်သစ်ကူး မိန့်ခွန်းတွင်လည်း အချို့သုံးသပ်မှုများရှိသလို ၂၀၁၅ ရွေးကောက်ပွဲဝင်ရေး ၎င်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို သမ္မတအနေဖြင့် ထည့်သွင်း ပြောကြားလိမ့်မည် မဟုတ်ဟု ဦးရဲထွဋ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက လက်ရှိပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်သည် လာမည့် ၂၀၁၅ တွင် ထပ်မံဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ် ကြောင်း မိမိကို ပြောကြားသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ခြင်းအပေါ် သမ္မတအနေဖြင့် ယင်းကိစ္စရပ်အား လူထုကို ကိုယ်တိုင် ပြောကြားလိမ့်မည် ဖြစ်ကြောင်း၊ အချင်းချင်း အလွတ်သဘော ပြောကြားမှုများကို ထုတ်ဖော် ပြောကြားရန် မသင့်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန် ပြောကြားခဲ့သော်လည်း ထိုဖြစ်စဉ်အပေါ် ယခုအထိ သမ္မတက တစ်စုံတစ်ရာ ပြောကြားမှု မရှိပေ။

သူရဦးရွှေမန်း၏ ပြောကြားခဲ့မှုသည် အမှန်တစ်ကယ် ဖြစ်စဉ်အပေါ် ဖွင့်ဟပြောကြားမှု ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုသည်ကို ဦးရဲထွဋ်က ““ပြည်ထောင်စုလွှတ်တော် နာယကကြီးက သူ့ရဲ့အမြင်ကို သူပြောတာပါ။ ကျွန်တော်ကတော့ သီးခြားမှတ်ချက် ပေးစရာ မရှိပါဘူး။ သူပြောခဲ့တုန်းကတော့ ကျွန်တော်တို့ ပြောခဲ့တယ်လေ။ သမ္မတကြီးအနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြည်သူတွေကို အသိပေးလို့ရှိရင် သူကိုယ်တိုင်ပဲ ပြောမယ်၊ ဘယ်သူ့ကိုမှ ပြောစရာမလိုဘူးလို့ အဲဒီအတိုင်းပါပဲ။ ခုက ဟိုတုန်းကတော့ လူကြီးတွေ အချင်းချင်း သူ့တို့ဟာသူတို့ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း ဖလှယ်တာမျိုးတော့ ရှိရင်လည်း ရှိမှာပေါ့”” ဟု သမ္မတပြောရေး ဆိုခွင့်ရှိသူ တစ်ယောက်အနေဖြင့် သဘောထား မှတ်ချက်ပြုသည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတအဖြစ် ရွေးချယ်ခံရန်ဆိုသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ““ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း ကိုယ်လုပ်ချင်တယ်လို့ ပြောလို့ရတဲ့ အမျိုး မဟုတ်ပါဘူး။ ဒါက သမ္မတ ရွေးချယ်ရေး လုပ်ငန်းကို လွှတ်တော် ကိုယ်စားလှယ်တွေက လုပ်တာပဲလေ။ ကိုယ့်ဘာသာကိုယ် ဘယ်လောက်ပဲ ပြောနေပြောနေ ဘယ်သူမှ အဆိုမပြုရင် ဒါက လုပ်လို့ရတဲ့အမျိုးမှ မဟုတ်ဘဲနဲ့”” ဟုလည်း ဦးရဲထွဋ်က ပြောသည်။

ဦးရဲထွဋ်က လက်ရှိ နိုင်ငံတော် သမ္မတအနေဖြင့် ၂၀၁၅တွင် သမ္မတအဖြစ် ရွေးချယ်ခံမည်ဆိုသည့် ပြောကြား မှုမျိုးကို ပြောမည်မဟုတ်ဟု လည်း ပြောကြား လိုက်သည်။

လင်းယုန်
Myanmar Thandawsint Newspaper