အရှိန်ထိန်းရော်ဘာဘလောက်တုံးများ အသုံးပြုကာ ပူးပေါင်းအဖွဲ့များနှင့် ညပိုင်းတွင် စစ်ဆေးသွားမည်

ပို့စ်တင်ချိန် - 4/14/2014 12:30:00 PM



ရန်ကုန် ဧပြီ ၁၃

ရန်ကုန်မြို့တွင်း အရှိန်ပြင်း မောင်းနှင်နေကြသော ယာဉ်များအား စည်းကမ်းတကျ ဖြတ်သန်းသွားလာ
မောင်းနှင်နိုင်ကြစေရန်အတွက် Mobile အရှိန်ထိန်း Slow Down ရှစ်ပေအရှည် ရော်ဘာဘလောက်တုံး များအသုံးပြုကာ ညပိုင်းတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေး အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်) မှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ Mobile အရှိန်ထိန်း Slow Down ၈ ပေအရှည် ရော်ဘာဘလောက်တုံးများကို ယာဉ် စည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီမှ ညပိုင်းပူးပေါင်း စစ်ဆေးရေးအဖွဲ့များအတွက် အစုံ ၂၀ စီစဉ်ဆောင်ရွက်ပေးထားခြင်း ဖြစ်ပြီး နေရာ ၁၀ နေရာအတွက် တစ်နေရာကို နှစ်ခုနှုန်းဖြင့် ထားရှိကာ အနီးကပ်စစ်ဆေးမည့်နေရာများနှင့် အလယ်ယာဉ်ကြော နေရာများတွင် အနေအထားကိုကြည့်ပြီး သတ်မှတ် နေရာများချထားကာ စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ဒုရဲမှူးကြီး လင်းထွဋ်က “ညပိုင်း မှာ အကြောင်း အမျိုးမျိုးကြောင့်သွားလာနေကြတဲ့ ယာဉ်တွေရှိနေပါတယ်။ ဒီယာဉ်တွေကို နေရာ ၁၀ နေရာမှာ တားဆီးစစ်ဆေးမယ်၊ စနစ်တကျ Team အဖွဲ့များဖွဲ့ပြီး ဖမ်းဆီးဖို့ရှိပါတယ်။ ယာဉ် စည်းကမ်းအရ ကျွန်တော်တို့က သင်္ကြန်ကာလမှာလည်း နားလို့မရပါဘူး။

ယာဉ်စည်းကမ်းထိန်းသိမ်းရေး အရ ယာဉ်မောင်းနှင်သမျှကာလပတ်လုံးနှင့် ယာဉ်တွေရှိနေသမျှ ကျွန်တော်တို့ကလည်း ရှိနေကြမှာပါ။
သင်္ကြန်ကာလအတွင်းမှာလည်း ဖမ်းဆီးမှု လျော့ပေါ့ပေးမယ်ဆိုပေမယ့် အများပြည်သူတွေအတွက် အနှောင့် အယှက်ဖြစ်စေတယ်ဆိုရင် အဲ့ဒီယာဉ်ကို အရေးယူသွားမှာပါ။ ကိုယ့် လွတ်လပ်ခွင့်က သူတစ်ပါးကိုထိခိုက် လို့ကတော့ မရပါဘူး။ ဒါကြောင့်ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် တွေကို အများပြည်သူတွေအတွက် အသိပေးတင်ပြလိုက်တာပါ” ဟု ဆိုသည်။ လက်ရှိ ညအချိန် စည်းကမ်းမဲ့ မောင်းနှင်နေကြသော ပြိုင်ကားများ အပါအဝင် အခြားယာဉ်များအားနေရာ ၁၀ နေရာတွင် အဖွဲ့ ၁၀ ဖွဲ့ဖြင့် တားဆီးပိတ်ဆို့ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိနေရာ ဧပြီ ၁ရက်မှ ၉ ရက်အထိ စည်းကမ်းမဲ့ ပြိုင်ကား ၁၆ စီး အပါအဝင် စုစုပေါင်း ယာဉ်အစီးရေ ၁၅၀၇၁ စီး စစ်ဆေးအရေးယူထားပြီဖြစ်ကြောင်း သိရပြီး ညပိုင်း လှည့်ကင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူထားသော ယာဉ်များတွင် ခရီးသည်တင်ယာဉ်များ မှသတ်မှတ်မှတ်တိုင်မဟုတ်ဘဲ လူ အတင်အချပြုလုပ်ခြင်း၊ ကိုယ်ပိုင်ယာဉ်များ သတ်မှတ်လိုင်စင်မရှိဘဲ ယာဉ်မောင်းနှင်ခြင်း၊ မဝင်ရသော လမ်းဝင်ခြင်း၊ ဘေးတံခါးများဖွင့်မောင်းနှင်ခြင်း၊ ဖြူနီကျားရပ်ခြင်း၊ မီးမစုံခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊မျဉ်းသေကို ဖြတ်မောင်းနှင်ခြင်းစသည်ဖြင့် စည်းကမ်းပျက်ယာဉ် အမှုပေါင်း ၁၇၇၃ မှု အရေးယူ ဆောင်ရွက် ထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံး (ရန်ကုန်)မှ ထုတ်ပြန်စာရင်းများအရ သိရသည်။



MOI Webportal Myanmar