ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီးများကို လှောင်ပြောင် ဂုဏ်ပြုခဲ့သည့် မော်ရင်ဟို

ပို့စ်တင်ချိန် - 4/20/2014 03:12:00 PM


စနေနေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ဆန်းဒါးလန်းကို ၂-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံ မျှော်လင့်ချက် ဝေဝါးသွားခဲ့ပြီးနောက် ကွင်းလယ်ဒိုင် မိုက်ဒင်းနှင့် ဒိုင်လူကြီးချုပ် မိုက်ရီလေး တို့အား ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက လှောင်ပြောင် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် ချယ်ဆီးသည် ဆမ်မြူရယ် အီတူး၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ကော်နော် ဝစ်ခ်ဟမ်း၏ ချေပဂိုးနှင့် ဖေဘီယို ဘိုရီနီတို့၏ ပင်နယ်တီ သွင်းဂိုးကြောင့် ရမှတ် သုံးမှတ် ဆုံးရှုံးခဲ့သည်။ ထို့အပြင် အဆိုပါ ရှုံးပွဲသည် မော်ရင်ဟို လက်ထက် စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ၇၇ ပွဲ ရှုံးပွဲမရှိသည့် စံချိန် ရပ်တန့်သွားခဲ့သည်။

ချယ်ဆီး နည်းပြအဖွဲ့သည် ဆန်းဒါးလန်းကို ပင်နယ်တီ ပေးခဲ့သည့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကြောင့် ဒေါသထွက်ခဲ့ကြပြီး လက်ထောက် မန်နေဂျာ ရူအီဖာရီယာသည်လည်း ပွဲကြည့်စင်မှသာ ကြည့်ရှုရန် ပြစ်ဒဏ်ပေးခံခဲ့ရသည်။

ပွဲအပြီးတွင် မော်ရင်ဟိုက “ကျွန်တော့် အနေနဲ့ ပြောစရာ လေးခွန်းပဲရှိပါတယ်။ ပထမကတော့ အသင်းအတွက် အစွမ်းကုန် ကစားခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ဒုတိယကတော့ နိုင်ပွဲရယူသွားခဲ့တဲ့ ဆန်းဒါးလန်းကို ဂုဏ်ပြုလိုပါတယ်။ တတိယအနေနဲ့ အကောင်းဆုံး စွမ်းဆောင်သွားနိုင်ခဲ့တဲ့ မိုက်ဒင်းကို ဂုဏ်ပြုလိုပါတယ်။ နောက်ဆုံး အနေနဲ့ကတော့ မိုက်ရီလေးကို ဂုဏ်ပြုလိုပါတယ်။ သူကလည်း ဒီနှစ် ဘောလုံးရာသီ တစ်လျှောက် အကောင်းဆုံးသော အရာတွေ ပြုလုပ်ခဲ့သူပါ။ ဒါကြောင့် သူတို့အားလုံးကို ကျွန်တော် ဂုဏ်ပြုလိုပါတယ်။ နောက်ထပ် ကျွန်တော့်မှာ ပြောစရာ မရှိတော့ပါဘူး” ဟု ပြောကြားသွားခဲ့သည်။

Ref: Goal
Soccer Myanmar