ပီနန်ဆရာတော် မဟာသန္တိသုခ ကျောင်းတိုက်မှ ဖယ်ရှားရမည့် နောက်ဆုံးရက် ထွက်ခွာမည် မဟုတ်ကြောင်း ဆိုင်းဘုတ်တင် ကြေညာ

ပို့စ်တင်ချိန် - 4/01/2014 12:17:00 PM


ရန်ကုန်၊ မတ် ၃၁

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးသော ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် နောက်လိုက် သံဃာများကို ကျောင်းတိုက်မှ ဖယ်ရှားရန် သတိပေး ထုတ်ပြန်ထားသည့် နောက်ဆုံးရက် ဖြစ်သည့် မတ်လ ၃၁ သို့ ရောက်ရှိလာချိန်တွင် ယင်းကျောင်းတိုက်မှ ထွက်ခွာမည် မဟုတ်ကြောင်း ပီနန်ဆရာတော်နှင့် တပည့်များက ကျောင်းတိုက်မုခ်ဦးတွင် ဆိုင်းဘုတ်တင် ကြေညာလိုက်သည်။

ပြည်တွင်းပြည်ပ သာသနာပြု ပီနန်ဆရာတော် သီတင်းသုံးသော မဟာသန္တိသုခ ကျောင်းတိုက်သည် နိုင်ငံတော်ပိုင် ဖြစ်သောကြောင့် ဖယ်ရှားရန် သံဃမဟာနာယကမှ ညွှန်ကြားသည့် နောက်ဆုံးရက် မတ်လ ၃၁ ရက်နေ့တွင် တပည့်ဒါယကာများက ထိုသို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံမိန့်ဆိုသည်။

“ဘုန်းကြီးတို့က တိုက်တွန်းတာ မဟုတ်ဘူး။ ဒကာဒကာမတွေက တရားမျှတမှု မရှိဘူးဆိုပြီး ဆိုင်းဘုတ်တင် ကြေညာလိုက်တာပါ” ဆရာတော် အရှင်စန္ဒာသီရိက မိန့်ကြားသည်။

မဟာသန္တိသုခ ကျောင်းတိုက်ကြီးသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အလှူရှင်များ ပူးပေါင်းမှုဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ပီနန်ဆရာတော် အရှင်ပညာဝံသသို့ ရေစက်ချ လှူဒါန်းခဲ့ခြင်း ဖြစ်သောကြောင့် အဓမ္မ သိမ်းပိုက်ခြင်းကို လက်မခံကြောင်း အဆိုပါ ဆိုင်းဘုတ်တွင် ရေးသားထားသည်။

မဟာသန္တိသုခုတွင် သတင်းသုံး ကျောင်းထိုင်သော သံဃာတော်များကို ဖယ်ရှားမည့် ကိစ္စအတွက် လာရောက် တွေ့ဆုံညှိနှိုင်းရန် ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယက အဖွဲ့က ဖေဖော်ဝါရီအတွင်း အကြောင်းကြားစာ နှစ်ကြိမ်တိုင် ပေးပို့သော်လည်း ကျောင်းထိုင်သံဃာတော် များက သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိသည့်အပြင် ကျောင်းတိုက်မှ တစ်လက်မမျှ ဖယ်ရှားပေးမည် မဟုတ်ကြောင်း ပီနန်ဆရာတော်ကြီးက မိန့်ကြားထားသည်။

ယင်းနောက် မတ်လ ၆ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက စုံညီ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ကျောင်းထိုင်သံဃာတော်များကို မတ်လ ၃၁ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ထံမှသိရသည်။

သံဃမဟာနာယက အဖွဲ့က ညွှန်ကြားသည့် နောက်ဆုံးရက်သို့ ရောက်ရှိလာသော်လည်း မတ်လ ၃၁ ရက်နေ့ ည ၇ နာရီ အချိန်အထိ ထပ်မံဆက်သွယ် ညွှန်ကြားခြင်း မရှိကြောင်း မဟာသန္တိသုခ ကျောင်းတိုက်နေ သံဃာတော်များက မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်ရှိ သံဃာတော်များကို ဖယ်ရှားရန် ကြိုးပမ်းခြင်းကို ဝင်ရောက် ဖြေရှင်ပေးရန်အတွက် နိုင်ငံတော်သမ္မတ၊ သာသနာရေး ဝန်ကြီးဋ္ဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဋ္ဌာန အပါအဝင် အစိုးရဌာနများသို့ မတ်လ ၂၇ ရက်နေ့တွင် မေတ္တာရပ်ခံစာ ပို့ထားပြီး ဖြစ်ကြောင်း ကျောင်းထိုင်သံဃာတော် များထံမှ သိရသည်။

The Voice Weekly