မိုယက်စ် ထုတ်ပယ် ခံရမှုတွင် ယူနိုက်တက် ကစားသမားများ ရှက်သင့်ကြောင်း ကိန်းဝေဖန်

ပို့စ်တင်ချိန် - 4/24/2014 08:30:00 AM


အသင်း မန်နေဂျာ ဒေးဗစ်မိုယက်စ် ထုတ်ပယ် ခံရမှုတွင် မန်ချက်စတာ ယူနိုက်တက် ကစားသမားများ အနေဖြင့် မိမိကိုယ်ကိုယ် ရှက်သင့်ကြကြောင်း အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဝေဖန် ပြောကြားလိုက်သည်။

အသင်းဖော် များကို ပက်ပက်စက်စက် ဝေဖန်မှုကြောင့် ယူနိုက်တက်နှင့် လမ်းခွဲဖြစ်ခဲ့သည့် အိုင်ယာလန် ကစားသမားဟောင်းက မိုယက်စ်ကို အသင်းက အချိန်ပိုပေးသင့်ကြောင်းလည်း မှတ်ချက်ပြုခဲ့သေးသည်။ ဘောလုံးသမား ဘဝမှ အနားယူပြီးနောက် ITV၏ အစီအစဉ်မှူးအဖြစ် တာဝန်ယူထားသည့် ကိန်းက “မိုယက်စ်ဟာ ခက်ခဲတဲ့ အခြေအနေ တစ်ခုနဲ့ အစပြုခဲ့ရတာပါ။ ပြီးခဲ့တဲ့ နွေရာသီတုန်းက သူမန်နေဂျာအဖြစ် တာဝန်ယူတော့ အသင်းအမှုဆောင်ချုပ်က လူသစ်ခေါ်ဖို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ အသင်းရဲ့ အစပြုပုံကိုက လေးလံနေခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ခုဖြစ်ရပ်က ရှက်စရာလို့ ကျွန်တော်ထင်တယ်။ မိုယက်စ်ဟာ ခုထက်ပိုပြီး အချိန်ရခဲ့သင့်ပါတယ်။ ယူနိုက်တက် ကစားသမား တချို့ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကြောင့် မိုယက်စ် ဒုက္ခရောက်ခဲ့ရလို့ပါပဲ”ဟုလည်း ပြစ်တင်ခဲ့သည်။ ၎င်းက မိုယက်စ်ကို ယူနိုက်တက် မန်နေဂျာ ရာထူးအတွက် ထောက်ခံခဲ့သည့် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ကိုမူ အပြစ်တင်စရာ လုံးဝအကြောင်းမရှိဟု ကာကွယ်သွားခဲ့သည်။

“ဒီကိစ္စမှာ ဆာအဲလက်စ်ကို ဝေဖန်လို့ မရဘူးလေ။ အမှတ်ပေးဇယား အဆင့်(၇)ကို ရောက်နေတာဟာ အသင်းအတွက် စိတ်ပျက်စရာပဲ။ ဒါပေမဲ့ ဒီအတွက် တာဝန်ယူမှု အပိုင်းမှာ မိုယက်စ်အတွက် အဓိက ပြဿနာက ကစားသမားတွေဆီက ဘာအကူအညီမှ မရခဲ့တာပါပဲ”ဟု ကိန်းက ပြောဆိုခဲ့သည်။ ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုကလည်း ITVနှင့် တွေ့ဆုံရာတွင် မိုယက်စ်အတွက် စိတ်မကောင်းကြောင်း စာနာစကားပြောသွားသည်။ “ကျွန်တော်ကတော့ ခုကိစ္စမှာ မှတ်ချက် မပေးဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ သူ့အတွက်တော့ စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမဲ့ တခြားကောက်ချက် တစ်ခုခုတော့ ကျွန်တော် မပေးချင်ဘူး။ မိုယက်စ်အတွက် ကျွန်တော် ဝမ်းနည်းမိပါတယ်။ တကယ်တော့ အလုပ်တာဝန် ဆုံးရှုံးသွားတဲ့ ဘယ်မန်နေဂျာအတွက်မဆို ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ်”ဟု မော်ရင်ဟိုက ဖွင့်ဟသွားသည်။
Ref:Dailymail
Soccer Myanmar