အင်္ဂလိပ် စကားလုံးတွဲလေးများ

ပို့စ်တင်ချိန် - 4/29/2014 11:09:00 AM


( C O L L O C A T I O N S )
အပိုင်း(၁)

အင်္ဂလိပ်စာ လေ့လာတဲ့အခါ စကားလုံးတွဲတွေ (Collocations) တွေကို မဖြစ်မနေ လေ့လာကြရပါမယ်။တစ်ခါက မန္တလေးမှာနေတဲ့ ကျွန်တော့်ညီမ ဖြစ်သူ စိမ်းမို့မို့ က Collocations နဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးခဲ့ဖူးပါ တယ်.။ဒီနေ့တော့ ..အဲဒီအမေးအဖြေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Collocation နဲ့ Idioms ကွာခြားချက်
--------------------------------------------

စိမ်းမို့မို့။ ။''အစ်ကို collocations ကလည်း Idioms တစ်မျိုးမဟုတ်လား"..။

ကျွန်တော်။ ။''မဟုတ်ဘူး..ငါ့ညီမ။collocations ဆိုတာ မူရင်းစကားလုံးတွေ ရဲ့ အဓိပ္ပါယ် လုံးလုံးလျားလျားမပျက်စီးပဲ ဘာသာစကားအရ သဘာဝကျကျ တွဲထားတဲ့ စကားလုံးတွဲတွေကို ခေါ်တာ။ ဥပမာ..မြန်မာစကားမှာပဲကြည့်လေ။သမရိုးကျတွဲထားတဲ့ စကားတွေ အများကြီး ရှိတာပဲ။''သေတာ"ချင်းတူပေမယ့်..လူကို ''သေသည်၊ကွယ်လွန် သည်''.လို့သုံးတယ်။ရှင်ဘုရင်ကျတော့ 'နတ်ရွာစံသည်၊' ဘုန်းကြီးကျတော့ 'ပျံလွန်တော်မူသည်'၊ ရဟန္တာကျတော့ 'ပရိနိဗွာန်ပြုသည်'.....စသဖြင့် ဘာသာစကားအရ သဘာဝကျအောင် တွဲပြောကြရတယ်။အလားတူပဲ တိရိစ္ဆာန်ကျတော့ တစ်ကောင်၊ လူကျတော့ တစ်ယောက်၊ဘုန်းကြီးကျတော့ တစ်ပါး..ဒီလို မူသေ တွဲပြောရတဲ့ စကားတွေလည်း ရှိတယ်။
အင်္ဂလိပ်စာမှာလည်း ဒီလိုပါပဲ။စကားတွဲတွေ အများကြီး ရှိတာပါပဲ။
ဥပမာ..မြန်မာတွေက ကတိတည်တယ်လို့ သုံးတာကို အင်္ဂလိပ်စာကျတော့ ပေးထားတဲ့ကတိကို ထိန်းသိမ်းထားတဲ့ သဘောနဲ့ keep promise လို့ သုံးတာမျိုးပေါ့။ဒါ collocation ပဲလေ။မြန်မာက ခန္ဒာကိုယ် အအေးဓာတ် အပတ်ခံရတာမျိုးကို အအေးပတ်သည် လို့ သုံးတယ်။အင်္ဂလိပ်ကတော့ အအေးဓာတ်ကို ခန္ဒာကိုယ်က ဖမ်းယူလိုက်တဲ့သဘောနဲ့ catch cold လို့ တွဲပြောကြပါတယ်။

ကျွန်တော့်သားအတွက် မွေးနေ့ပါတီပွဲလုပ်ပေးတယ်ဆိုတာကို “I made a birthday party for my son,”လို့ ရေးရင် မှားပါတယ်။ “I threw a birthday party for my son.” လို့ ပြောမှ မှန်တယ်။ဒီနေရာမှာ ‘Throw’နဲ့ ‘party’ ဟာ ပုံမှန်အတွဲဖြစ်လို့ Collocation လို့ ခေါ်တယ်။ကိုယ့်ဘာသာစကားနဲ့ တွေးပြီး made a party လို့ မသုံးရပါဘူး။

နောက်ပြီး "ဟိုတယ်အခန်း" ကို ပြင်သစ်နဲ့ စပိန်လူမျိုးတွေက “the room of the hotel,” လို့ သုံးပြောတတ်ကြတယ်။အင်္ဂလိပ်လူမျိုးတွေအတွက်တော့ အဲဒီလိုပြောတာ တော်တော်ကြောင်တယ်လို့ ဆိုရမှာပါ။တကယ့် သဘာဝ ကျကျအင်္ဂလိပ်စကားနဲ့ ပြောချင်ရင် ‘hotel room.’လို့ သုံးပြောရမှာပါ။ဒါဟာ နာမ်+နာမ် စကားလုံးတွဲလေးတွေကအစ သတိပြုရမယ့်ချက်လေးတွေ ရှိတယ်ဆိုတာ မှတ်ရမယ်...စိမ်းမို့ရေ..။။

နောက်ပြီး မြန်မာနဲ့ဆင်တဲ့ အသုံးတစ်ခုကို ပြောပြမယ်။မြန်မာလို ရူးသွားသည် ဆိုတာကို အင်္ဂလိပ်လို go=သွားသည် mad=ရူးသည် နှစ်ခုတွဲပြီး go mad လို့ တွဲသုံးတာမျိုးပေါ့။ go mad ဆိုတာ ရူးသွားသည်လို့ အဓိပ္ပါယ်ရတော့ မူရင်း စကားလုံးတွေရဲ့ အဓိပ္ပါယ် လုံးဝ ပျက်စီးမသွားဘူးလေ။
ဒါမျိုးကို.. collocation လို့ ခေါ်တယ်။

အလားတူပဲ ...အာရုံစူးစိုက်သည် ဆိုတာကို pay attention လို့ပဲ အင်္ဂလိပ် လူမျိုးတွေက တွဲပြောတယ်။အဓိပ္ပါယ်တူတာပဲဆိုပြီး "give attention, တို့ put attention"တို့ သွားမလုပ်ရဘူး။အဲလို စကားတွဲမျိုး အင်္ဂလိပ်ဘာသာမှာ မရှိဘူး။ အင်္ဂလိပ်ဘာသာမှာ မူသေတွဲသုံးလေ့ရှိတဲ့ Collocation တွေကိုပဲ သုံးရတယ်။ကိုယ့်ဖာသာ စတန့်ထွင်တွဲချင်လို့ မရဘူးနော်။

ဥပမာ..လက်ထပ်တာကို marry ဆိုတာ စိမ်းမို့တို့ သိတယ်။သူမနဲ့ကျွန်တော် လက်ထပ်တယ်ဆိုတာကို I married with her. လို့ ရေးရင်တော့ သွားပြီ။ အင်္ဂလိပ်လူမျိုးကြားရင်တော့ ရယ်မှာပဲ။ဘာသာစကားအတော်များများမှာ ''..နဲ့(with) လက်ထပ်တယ်"လို့ပဲ ပြောတယ်။"..သို့(to) လက်ထပ်သည်"လို့ မပြောကြဘူးလေ။အင်္ဂလိပ်ကတော့ ..I got married to her.ဆိုပြီး to ၀ိဘတ်နဲ့ သုံးပြောကြတယ်။married to ဆိုမှ မှန်မယ်။ဒါဟာ collocation ပဲပေါ့။
အလားတူပါပဲ........
Do me a favour
Do the cooking
Do the housework
Do the shopping
Have a bath
Have a drink
Have a haircut
Take a look
Take a rest
Take a seat...စတာတွေဟာ collocations လို့ခေါ်တဲ့ စကားလုံးတွဲတွေပဲ ပေါ့။

စိမ်းမို့မို့။ ။ဒါဆို အီဒီယမ်ကျတော့ COLLOCATION နဲ့ ဘာကွာသွားတာလဲ. .အစ်ကို။

ကျွန်တော်။ ။Idioms ကျတော့ မူရင်းစကားလုံးတွေရဲ့ အဓိပ္ပါယ် မပါတော့ပဲ အဓိပ္ပါယ်သစ် ထွက်လာတဲ့ စကားတွဲတွေလို့ ပြောရမှာပေါ့။ဥပမာ.. "it's raining cats and dogs" ဆိုပါတော့။ခွေးနဲ့ကြောင်တွေ ကောင်းကင်ကနေ မိုးရွာသလို ကျလာတာမဟုတ်ဘူး။''မိုးသည်းထန်စွာ ရွာသည်လို့ အဓိပ္ပါယ် ရတယ်။"ဒီလို စကားလုံးတစ်ခုချင်းစီရဲ့ မူရင်းအဓိပ္ပါယ်မျိုးမဟုတ်ဘဲ သီးခြား ထွက်တဲ့ စကားတွဲတွေကို iDIOMS လို့ ခေါ်တာပေါ့။
A cuppa to go.လက် ဖက်ရည်တစ်ခွက် ပါဆယ်။
Go to it! လုပ်လိုက်စမ်း..စတဲ့ စကားတွေကို ကြည့်လိုက်လေ.။Go ရဲ့ အဓိပ္ပါယ်ပျောက်သွားတာတွေ့ရမယ်။ ဒါ.. အီဒီယမ်ပဲပေါ့..။"

(ဆက်လက်ဖော်ပြပါမည်)


အင်္ဂလိပ်ဘာသာ လေ့လာစရာ