သင်္ကြန်တွင်း အမြန်လမ်း ယာဉ်တိုက်မှု ၂၂ မှု သေဆုံးသူ ၁၆ ဦးရှိ

ပို့စ်တင်ချိန် - 4/19/2014 09:10:00 PM


တောင်ငူ၊ ဧပြီ ၁၈

ယာဉ်မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၄ ခုနှစ် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ယာဉ်မတော်တဆမှု ၂၂ မှု ရှိခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ကာ ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဖြစ်ပွားတာ အများစုက ကားလေးတွေကြောင့်လည်း ပါသလို လူအမှားကြောင့် များပါတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်ရင် ဖြစ်ပွားမှု အများဆုံး နေရာဖြစ်တဲ့ မိုင်တိုင်အမှတ် ၁၁၀ နဲ့ ၁၂၀ ကြား နေရာတွေမှာ လမ်းမကြီးက တစ်ဖြောင့်တည်း ဖြစ်နေတော့ ယာဉ်မောင်းတွေ ဂရုစိုက်ရမယ်ဆိုတာ သတိပေးချင်ပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၃ ခုနှစ် ပထမလေးလပတ် ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများထက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာခဲ့ရာ ရက်ပေါင်း ၁၀၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၇ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆၂ ဦးအထိ ရှိခဲ့ကြောင်းနှင့် အများဆုံး လူသေဆုံးမှုမှာ ဧပြီလ ၁၂ ရက် နံနက်က ဖြစ်ပွားခဲ့သည့် တောင်ကြီး-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်တစ်စင်းက အိမ်စီးကား တစ်စီးကို နောက်မှ ဝင်တိုက်၍ လူ ၁၂ ဦး သေဆုံးကာ လူ ၅ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားသည်။

ယင်းသို့ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းကို ကာကွယ်ရန် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အမြန်လမ်းမကြီးပေါ် ဖြတ်သန်းမောင်းနှင်နေသော အိမ်စီးယာဉ်များ၊ အဝေးပြေး ခရီးသည်တင် မော်တော်ယာဉ်ကြီးများ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်မှုများကို အရှိန်မြှင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“ဒီတစ်လ နှစ်လ အတွင်းမှာကို သတ်မှတ်မိုင်နှုန်း ကီလို တစ်ရာ့တစ်ဆယ်ကျော်တဲ့ မော်တော်ကားပေါင်း ၄၅၀ လောက်ကို ဖမ်းဆီး အရေးယူပြီး တရားစွဲဆိုနိုင်ခဲ့တယ်။ ဆိုင်ကယ်ဖမ်းဆီး ရရှိမှုကတော့ လျော့သွားပါပြီ။ အခုဖြစ်နေတာက အိမ်စီးကား မောင်းနှင်သူတွေ အများစုက သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းကြလို့ ယာဉ်တိုက်မှုတွေ ဖြစ်ပွားတာ များနေပါတယ်” ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧပြီလ ၁၂ ရက် နံနက် ၂ နာရီအချိန် မိုင်တိုင် ၁၁၆ အနီးတွင် တောင်ကြီးမြို့မှ ထွက်ခွာလာသော ခရီးသည် ၄၄ ဦး ပါရှိသည့် တောင်ပြာတန်း ခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ်ငယ်တို့ တိုက်မှု ဖြစ်ပွားပြီး ကားနှစ်စီးလုံး မီးလောင်ခဲ့ရာ တောင်ပြာတန်း ခရီးသည်တင် ယာဉ်ပေါ်မှ ခရီးသည် ခြောက်ဦးနှင့် ယာဉ်ငယ်ပေါ် လိုက်ပါလာသူ ခြောက်ဦး စုစုပေါင်း ၁၂ ဦး မီးလောင်၍ သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။

မီးလောင်မှုကြောင့် ဆလွန်းယာဉ်မှာ တန်ဖိုးငွေ ကျပ်သိန်း ၁၁၀ ခန့်၊ တောင်ပြာတန်း ခရီးသည်တင် မှန်လုံယာဉ်မှာ တန်ဖိုးငွေ ကျပ်သိန်း ၇၅၀ ခန့်၊ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းနှင့် အဝတ်အထည် တန်ဖိုးငွေ ကျပ်သိန်း ၄၀ ခန့်၊ စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၉၀၀ ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားသော ခရီးသည်တင် မှန်လုံယာဉ် မောင်းနှင်သူ အောင်ဇေယျကို ဖြူးအမြန်လမ်း ရဲစခန်း ယာဉ် (ပ) ၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly