ကလေးမြို့နယ်တွင် သစ်တောထွက် တောရိုင်းတရိစ္ဆာန်ပစ္စည်းများ သိုလှောင်ရုံတစ်ခုအတွင်းမှ ဖမ်းဆီးရရှိ

ပို့စ်တင်ချိန် - 4/20/2014 03:01:00 PM


သတင်း၊ ကိုတိုးကြီး
ကလေး၊ ဧပြီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေအမှတ်(၁)ရှိ အလုပ်ရုံအိမ်အမှတ်(၆၄/၁) သို့ ကလေးခရိုင် ဒုစရိုက်မှုအထူးနှိမ်နင်ရေး အဖွဲ့က ယခုလ ၁၈ ရက်နေ့ည ၈ နာရီခွဲအချိန်တွင် သတင်းအရ ၀င် ရောက်ရှာဖွေခဲ့ရာ သစ်တောထွက် တောရိုင်းတရိစ္ဆာန်ပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း န/ဒအဖွဲ့ခေါင်းဆောင် ရဲ အုပ် သီဟနှင့်အဖွဲ့က ပြောပြသည်။
သိမ်းဆီးရရှိမိသည့် သစ်တောထွက်ပစ္စည်းများမှာ သစ်ခွခြောက်အိတ်(၂၀)၊ ဦးခေါင်းပိုင်းမှ အမှီထိ( ၆)ပေခန့်ရှိ ကျားမင်း သားရေ(၁)ချပ်၊ တောင်ဆိတ်ချို(၂၀)၊ ဂျီသားရေ(၄၉၂)ချပ်၊ လိပ်မျိုးစုံ ဗိုက်သားခွံ(၂၂)ချပ်၊ တရိစ္ဆာန်သည်း ခြေမျိုးစုံ(၃၄)ခု၊ ဦးခေါင်းချို အစိတ်အပိုင်း(၄)ခု၊ နွားနောက်ဦးချို(၈)ခု၊နှင့် မျောက်အရိုးစု(၃)ပိသာတို့အား အဆိုပါအဖွဲ့ မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သစ်တောထွက်ပစ္စည်းများနှင့် တောရိုင်းတရိစ္ဆာန်ပစ္စည်းများအား တရားမ၀င် လက်ဝယ်ထားရှိသူဟုဆိုကာ အလုပ်ရုံအိမ်ရှင် ကိုစိုးနိုင်အား ခရိုင်မှုခင်းအထူးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် သီဟမှ တရားလိုပြု၍ ကလေးမြို့မ ရဲစခန်းတွင် အမှုရေးဖွင့်ပေးရန် တိုင်တန်းခဲ့သည်။
အဆိုပါ တိုင်တန်းချက်အား ကလေးမြို့မရဲစခန်းက(ပ)၁၇၁/ ၂၀၁၄ တောရိုင်းတရိစ္ဆာန်နှင့် သဘာဝသစ်ပင်များ ကာကွယ်စောင့်ရှောက်ရေး သစ်တောဥပဒေ ၃၆(က)/ ၃၆(ခ)အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။

ကိုတိုး ချင်းတွင်း