ဦးဝင်းတင် ကွယ်လွန်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အမေးအဖြေ

ပို့စ်တင်ချိန် - 4/23/2014 09:47:00 AM




(ဘာသာပြန်)Spring Flowers
( ဦးဝင်းတင် ကွယ်လွန်ပြီးနောက်  ဒေါ်အောင်ဆန်းစုကြည်ကို မေးထားတာလေး ဘာသာပြန်ပြီး အမှတ်တရ အနေနဲ့ note  မှာ သိမ်းထားတာပါ ။ )

Suu ။         ။  ဒါ ဆုံးရှုံးမှုကြီးတစ်ခုပါဘဲ .........ဒါပေမယ့်တချိန်တည်းမှာဘဲ  ''  ပျောက်ပျက်  '' သွားတာ လို့ ပြောလို့ မရပြန်ပါဘူး ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ အတွေးအမြင်တွေ ၊ သူ့စကားတွေ ၊ သူ့ရဲ့ နမူနာတွေဟာ ကျမတို့နဲ့ အမြဲတမ်း ရှိနေဦးမှာမို့ပါ ။ ထူးခြားစံပြုစရာလူတွေကို ဆုံးရှုံးရရင် ဖြစ်တတ် သလိုဘဲပေါ့....ဒါဟာ ဆုံးရှုံးမှု ပါ  ။ ဒါပေမယ့် ပျောက်ပျက်သွားတာ မမည်ပါဘူး ။ သူ ကျမတို့နားမှာ ရှိနေဦးမှာပါ ။
မေး  ။          ။  ၁၉၈၈  ကာလ  NLD   ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့အခန်းကဏ္ဍကိုလည်း နည်းနည်းလောက်ပြောပါဦး ။

Suu ။          ။    NLD   ကို ဖွဲ့စည်းဖို့ ကျမတို့တတွေ အတူဆွေးနွေးခဲ့ကြတယ် ။  နိုင်ငံရေးပါတီတစ်ခု မဖွဲ့လို့ မရတော့ဘူး ဆိုတာ ကျမတို့ နောက်ဆုံးမှာ လက်ခံဆုံးဖြတ်လိုက်ရတယ်လေ   ။ သူရော ကျမရော  နှစ်ယောက်လုံးက ပါတီ ဖွဲ့ရမှာကို မလိုလားပါဘူး ။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက အခြေအနေတွေအရ ဖွဲ့ခဲ့ရတယ် ။ ဒီလိုနဲ့ စခဲ့ကြတာပါဘဲ ။

မေး ။          ။   အကျယ်ချုပ်ကျခဲ့တဲ့ အချိန်ကာလ ပမာဏအတွက် ဒေါ်စုကို  ကမ္ဘာက သိကြတယ် ။ ဦးဝင်းတင်က ထောင်ထဲမှာ   ၁၉  နှစ်နေခဲ့ရတာနော် ။
Suu ။           ။  ဟုတ်ပါတယ် ။ သူက ကျမထက် အများကြီး ခံစားခဲ့ရတာပါ ။

မေး  ။          ။သူ့က အဘက်ဘက်မှာ ဒေါ်စုထက် ပိုပြီး ဒုက္ခခံခဲ့ရတယ်ပေါ့ ။
Suu ။          ။  သိပ်မှန်ပါတယ် ။ ကျမ အမြဲပြောခဲ့ဖူးပါတယ် .....ထောင်ထဲ ၀င်ခဲ့ရတဲ့ လူတွေနဲ့ ယှဉ်ရင် ကျမခံစားရတာ ဘာမှ မပြောပလောက်ပါဘူးလို့ ပါ ။  ထောင်ထဲမှာ ငါးနှစ်လောက်ဘဲ နေရရင်တောင်  အကျယ်ချုပ်  ၁၅ နှစ်ထက် အများကြီး ပိုဆိုးပါတယ် ။ သူ ထောင်ထဲမှာ နေခဲ့ရတာ  ၁၉   နီးပါးပါ ။

မေး ။          ။  အသက်ကြီးသူတစ်ယောက်ဖြစ်နေတော့ ပိုခံစားရတာပေါ့ ။

Suu ။         ။  ဟုတ်ပါတယ် ။  အဲဒီတုန်းက သူ့ကျန်းမာရေးက ကောင်းလှတယ်လို့ ကျမတော့ မထင်ဘူး ။ ထောင်ထဲ ၀င်သွားရတဲ့အချိန်တွေမှာ ဒေါင်ဒေါင်မြည် ကျန်းမာရေးမျိုး မရှိခဲ့ဘူး ဆိုပါတော့ ။ အသက်ကလည်း  ၆၀  ကျော်နေပြီလေ ။ ထောင်ထဲမှာ သူ့ကို ထားတဲ့ ပုံကလည်း  မသက်သာလှဘူး ။ ဒီတော့ ကျန်းမာရေး ပိုဆိုးလာတယ် ။ သွားတွေအားလုံး ထောင်ထဲမှာဘဲ ဆုံးရှုံးခဲ့ရတာ ။ တကယ့်ကို ခက်ခဲကြမ်းတမ်းတဲ့ကာလပါ ။ ဒါပေမယ့် သူကတော့ ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ဘူး ။  ကွယ်လွန်သွားပြီဖြစ်တဲ့ အာဏာရှင် ဦးနေ၀င်းကလည်း သူ့ကို သိပ်ပြီး ကြည်ညို လေးစားခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ ဦးဝင်းတင်ရဲ့ ကလောင်စွမ်းကို သူသိတယ်လေ ။ နောက်ပြီး ဦးဝင်တင်ဟာ သိပ်ကို ရိုးသား ဖြောင့်မတ်တဲ့လူတစ်ယောက်ဆိုတာ သူသိတယ် ။ ဒီရိုးသားဖြောင့်မတ်မှုကဘဲ ခွန်အားကြီးတစ်ခုပါဘဲ ။


ဆက်စပ်သတင်း - ဦးဝင်းတင် သတင်းများ


မေး ။         ။   သူက ပါတီကိစ္စတွေ ၊ တခါတလေ ဒေါ်စု လုပ်ပုံကိုင်ပုံကို ဝေဖန်ရမယ့် ကိစ္စတွေမှာတောင် သူ့အမြင်ကို ရိုးရိုးသားသား မထိန်မချန် ပြောတတ်တယ် ဆိုပြီး လူသိများတယ်နော် ။  ။ ဒီအတွက်ဘဲ ဒေါ်စုက သူ့ကို တစ်နည်းအားဖြင့် ပိုပြီး လေးစားခဲ့တာမျိုး ရှိခဲ့သလား ။



Suu  ။        ။    ဒီအတွက်တော့ လေးစားမှု ပိုတယ် လျော့တယ် လို့ မရှိခဲ့ပါဘူး ။ ကိုယ့်အမြင်နဲ့ကိုယ် ရှိခွင့် ရှိတယ် ဆိုတာ ကျမတို့ နှစ်ယောက်လုံးက လက်ခံထားခဲ့ပါတယ် ။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ကျမတို့ တစ်ယောက်နဲ့ တစ်ယောက် အတော်လေး ရင်းရင်းနှီးနှီး ရှိခဲ့ပါတယ် ။ ကျမ   ( ၁၇ ) ရက်နေ့  ဥရောပက ပြန်လာပြီး သူ့ကို သွားတွေ့တော့ သူက ပြောတယ်.....ကျမကို အားကိုးပါတယ် ၊ ယုံလည်း ယုံကြည်ပါတယ် ၊ ကျမဟာ အဲဒါကို လုပ်နိုင်စွမ်း ရှိမယ့် တစ်ဦးတည်းသောသူပါဘဲ  တဲ့ ....'' အဲဒါ '' ဆိုတာ သူဘာကို ဆိုလိုတာဘဲဖြစ်ဖြစ် သူကတော့ အဲလို ပြောခဲ့တာပါဘဲ  ။

မေး ။        ။   သူမရှိတော့တဲ့ လက်ရှိကာလမှာ  မြန်မာပြည်ဟာ သူဖြစ်စေချင်တဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ်ကို ရောက်ဖို့ နီးနေပြီလို့များ ဒေါ်စု ထင်ပါသလား ။
Suu ။      ။    ၁၉၈၈  ထက်စာရင်တော့ နီးပြီပေါ့ ။ သူ့လို လူတွေရဲ့ ကျေးဇူးကြောင့်ဘဲ  သူဖြစ်စေချင်တဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့ ကျမတို့ နီးလာပြီဆိုတာ သံသယ ရှိစရာ မလိုပါဘူး ။

 Dawnmanhon