ကချင်ပြည်နယ်တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ထောင်ချီထွက်ပြေး

ပို့စ်တင်ချိန် - 4/13/2014 04:46:00 PM

ဓာတ်ပုံ - Kachin Land

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ ထောင်နဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

တရုတ်ပြည်ဘက်ကို ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြသလို ရှမ်းပြည်နယ် နမ့်ခမ်းမြို့ပေါ် ကိုလည်း ထောင်နဲ့ချီတဲ့ ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မူဆယ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဘိုးအောင်က ပြောပါတယ်။

“ကေအိုင်အေနဲ့ တပ်မတော်နဲ့ ပြီးခဲ့တဲ့ ၃ ရက်လောက်က တိုက်ပွဲဖြစ်တယ်။ တပ်မတော် စစ်ကြောင်းနဲ့ အဲဒီမှာ မန့်ဝိန်းကြီး အနီးအနားတ၀ိုက်က ရှမ်းရွာတွေနားမှာ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါမှာ ရွာထဲကျတဲ့အတွက် ရွာသားတွေ မနေရဲလို့ မြို့ပေါ်တက်ပြေးလာကြတယ်။ လောလောသိရသလောက် မန့်ဝိန်းကြီး အနီးအနား ရွာ ၁၁ ရွာက လူ ၅ ထောင်လောက် ပတ်ဝန်းကျင်လောက်ရှိတယ်။”
စစ်ပြေးဒုက္ခသည်တွေကို နမ့်ခမ်းမြို့ပေါ်က ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးပြီး မြို့ခံတွေနဲ့ ကျားဖြူနဲ့ ကျားနီပါတီတို့က အစားအသောက်နဲ့ လိုအပ်တာတွေ ၀ိုင်းဝန်းပံ့ပိုး လှူဒါန်းထားကြတယ်လို့လည်း ပြောပါတယ်။

နမ့်ခမ်းမြို့က ကျားဖြူပါတီဝင် စိုင်းတင်ဦးတို့အဖွဲ့ဟာ ဧပြီလ ၁၂ ရက်နေ့က တရုတ်ပြည်ဘက် ထွက်ပြေး တိမ်းရှောင်သွားကြတဲ့ ဒေသခံတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး သူတို့ မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“မနေ့က ကျနော်တို့သွားတာ ၅ နေရာ တွေ့တယ်ခင်ဗျ။ အဲဒီနေရာတွေမှာ တချို့နေရာတွေမှာ ၂၀၀ ကျော်တယ်။ တချို့နေရာတွေမှာ ၁၀၀ ကျော်တယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ကျေးရွာလူငယ်အဖွဲ့တွေက ချက်ပြုတ်ရေးကို တာဝန်ယူ ဆောင်ရွက်ပေးတယ်။ တချို့နေရာတွေက ရွာပေါင်းစုံ လာတော့ ကျေးရွာကနေ လုပ်ဆောင်ပေးတဲ့အပိုင်းတော့ မရှိဘူး။ ကိုယ့်အစီအစဉ်နဲ့ ရှာပြီးတော့ လုပ်နေကြတာပေါ့။ ၁ ထောင် ၀န်းကျင်လောက် ရှိမယ်။”

စစ်ပွဲကြောင့် ထွက်ပြေးကြရသူအများစုဟာ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက် ညနေပိုင်းလောက်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားခဲ့ရပြီး ဧပြီလ ၁၃ ရက်မှာတော့ မကြားရတော့ဘူးလို့ နမ့်ခမ်းမြို့ခံတွေက ပြောပါတယ်။

ဒုက္ခသည်တွေဟာ သင်္ကြန်အခါတွင်းဖြစ်တာကြောင့် အိမ်ပြန်နေလိုကြပေမယ့် အခုထက်ထိတော့ မပြန်ရဲကြသေးပါဘူး။

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန့်ဝိန်းကြီးဒေသ တ၀ိုက်မှာ ဧပြီ ၁၁ ရက်နေ့မှ စတင်ပြီး အစိုးရ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

DVB Burmese