မဟာသန္တိသုခ ကျောင်းတော်ကြီးကိစ္စကဲ့သို့ သံဃာအရေး နိုင်ငံတော် သမ္မတဝင်ရောက်ဆုံးဖြတ်ပေးနိုင် ခြင်းမရှိဟုဆို

ပို့စ်တင်ချိန် - 4/02/2014 03:14:00 PM


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တာမွေမဟာသန္တိသုခ ကျောင်းတော်ကြီး ကိစ္စကဲ့သို့သော သံဃာအရေးကိစ္စကို နိုင်ငံတော်သမ္မတက ဝင်ရောက် ဆုံး ဖြတ်ပေးနိုင်ခြင်းမရှိဟု သာသနာရေးဝန်ကြီးဌာနမှ အရာရှိများ ကပြောသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန် ဆရာတော် အကြား အငြင်းပွားနေသောကျောင်းတော်ကြီး ကိစ္စတွင် နိုင်ငံတော် သမ္မတဘက်မှ မတ် လ ၃၁ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေး စင်တာအဖွဲ့ဝင် ဦးညို အုန်းမြင့်ကို လွှတ်ကာ ပီနန်ဆရာတော်ကြီးအား ထိုကျောင်းတွင်ပင် ဆက်လက်သီတင်းသုံးနေရန် လျှောက်ထားလာမှုအပေါ် ဧပြီ ၁ ရက်နေ့တွင် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

''အုပ်ချုပ်ရေးပိုင်းမှာ နိုင်ငံတော်သမ္မတကြီးက အမြင့်ဆုံးဖြစ်ပါတယ်။ တစ်ဖက်သံဃအဖွဲ့အစည်းမှာလည်း သံဃမဟာနာယက အမြင့် ဆုံးဖြစ်ပါတယ်။ သံဃာကိစ္စကို သံဃာချင်းသာ ဖြေရှင်းကြရပါလိမ့်မယ်''
ဟု သံဃမဟာ နာယကအဖွဲ့နှင့် ထိစပ်နီးကပ်သည့်သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။

ပီနန်ဆရာတော်ကြီးက ယခင့်ယခင်ကလည်းစာဖြင့် ကျောင်းတိုက် ပိုင်ဆိုင်လိုကြောင်း သမ္မတထံတင်ပြဖူးသော်လည်း သမ္မတကိုယ်တိုင်က ထိုအရေးသည် မဟာနာယကဆရာတော် အဖွဲ့အရေးဖြစ်၍ ထို ဆရာတော်အဖွဲ့ထံ တင်ပြလျှောက်ထားပါဟု လျှောက်ထားမှု ရှိခဲ့ဖူးသည်ဟု ၎င်းကဆိုသည်။

ပီနန်ဆရာတော်ကြီး၏အနီးနေ ဆရာတော်ဦးဥတ္တရက ''မဟာနာယ ကအဖွဲ့ကလည်း ဒီပြဿနာကို ပြေလည်အောင် မရှင်းနိုင်ဘူး။ တစ်ဖက်နဲ့ တစ်ဖက် ဖြစ်နေတာကို နိုင်ငံရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်က ကြားဝင်ရှင်းပေးလို့ မရဘူးလား'' ဟု မိန့်သည်။

၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အခန်းတွင် သာသနာရေးဆိုင်ရာ ကိစ္စများကို တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်ခွင့်ကို ပြဋ္ဌာန်းထားခြင်း မရှိပေ။

သို့သော် ပုဒ်မ ၂၁ဝ အရ နိုင်ငံတော်၏အခြေအနေ အရပ်ရပ်တို့ကို လွှတ်တော်အစည်းအဝေးများတွင် ဖြစ်စေ၊ နိုင်ငံတော်တစ်ဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊သဝဏ်လွှာပေးခွင့်ရှိ သည် ဟု ဖော် ပြထားသည်။ ဆရာတော် ဦးဥတ္တရက ''စာနဲ့ တရားဝင် သီ တင်းသုံးခိုင်းတာ မဟုတ်ပါဘူး။ သို့သော်လည်း ခုဟာက ဆွဲချမယ်၊ ဘာမယ်ဆိုထားတော့ ဒီအပေါ်မှာ တော့ စိတ်မပူပါနဲ့လို့ ဦးညိုအုန်းမြင့်က ထည့်လျှောက်သွားပါတယ်'' ဟု ဆက်မိန့်သည်။

နိုင်ငံတော်သမ္မတသည် ကြေးနီ တောင်စီမံကိန်းအတွင်းရှိ လယ်တီ သိမ်ကိစ္စနှင့် နေပြည်တော်ရှိ ဘုန်းတော်ကြီး ၂၆ ကျောင်း (ကျူးကျော်) ကိစ္စတွင်မူ တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။ သာ သနာရေးညွှန် မှူးတစ်ဦးက ''အကြောင်းကို သေသေချာချာမသိတဲ့ လူတစ် စုက မဟာနာယက ဆရာတော်ကြီးများအပေါ်မှာ စော်ကားမိနေသလို
ဖြစ်နေတဲ့အပေါ်မှာ ဆရာတော်ကြီးများဘက်က အကုသိုလ်ဖြစ်မှာ စိုးလို့အထူးပဲ စိတ်မကောင်းဖြစ်မိနေတယ်လို့ မတ် လ ၃၁ ရက်နေ့က မိန့်ကြားမှု ပြုထားပါတယ်'' ဟုပြောသည်။

ပီနန်ဆရာတော်က ဆရာတော်ထံတွင် ထိုကျောင်းပိုင်ဆိုင်မှု အထောက်အထားများ ရှိပါကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

PN-051
Popular Myanmar News Journal