သင်္ကြန်လက်ဆောင်အဖြစ် ထည့်ပေးမည့် အပိုထပ်ဆောင်းငွေ ပြည်တွင်းဖုန်းခေါ်ဆိုရန် အတွက်သာ သုံးနိုင်မည်

ပို့စ်တင်ချိန် - 4/10/2014 08:16:00 AM



29ရန်ကုန်၊ ဧပြီ ၃

သင်္ကြန်ကာလအတွင်း ထည့်သွင်းသည့် ဖုန်းငွေဖြည့်ကတ်များအပေါ် ထည့်သွင်းသည့် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း အပိုထပ်ဆောင်းပေးမည့် ငွေကြေးပမာဏမှာ ဖုန်းခေါ်ဆိုရန် သီးသန့်သာ အသုံးပြု နိုင်မည်ဖြစ်ပြီး မက်ဆေ့ခ်ျပို့ခြင်း၊ အင်တာနက် သုံးခြင်းများအတွက် အသုံးပြုနိုင်မည် မဟုတ်ကြောင်း 1876 Hotline ထံမှ စုံစမ်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာနှစ်ကူး အတာသင်္ကြန် လက်ဆောင်အဖြစ် ဧပြီလ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ ငွေဖြည့်သော ဖုန်းကတ်များအတွက် ထည့်သွင်းသည့် တန်ဖိုးအလိုက်၂၀ ရာခိုင်နှုန်း ထည့်သွင်း ပေးမည်ဖြစ် ကာ ၅၀၀၀ ကျပ် ထည့်သွင်းပါက ၂၀ ရာခိုင်နှုန်း အပါအ၀င် ၆၀၀၀ ကျပ် ရရှိမည် ဖြစ်သည်။

““အစ်မတို့ အခု ၅၀၀၀ ကတ် ၀ယ်ပြီး ထည့်လိုက်မယ်ဆိုရင် Present ပေးမယ့် ပိုက်ဆံ ၁၀၀၀ နဲ့ ပေါင်း ၆၀၀၀ ရောက်လာမယ်။ အဲဒီ ၆၀၀၀ ကိုမှ Present ပေးထားတဲ့ ၁၀၀၀ ကို ၁၀ ရက်အတွင်း အရင်သုံးပေးရမယ်။ အဲဒီ ၁၀၀၀ က မက်ဆေ့ခ်ျပို့လို့ မရဘူး။ အင်တာနက်သုံးလို့ မရဘူး။ ဖုန်းပြောခ သီးသန့်ချည်းပဲ။ အဲဒီ ၁၀၀၀ ကုန်သွားပြီ ဆိုလို့ရှိရင်တော့ ကျန်တဲ့ ၅၀၀၀ ထဲက ဆက်ဖြတ်မှာ။ တချို့လူတွေက ၅၀၀၀ ကတ် ထည့် လိုက်တယ်။ ၅၀၀၀ ကတ် ထည့်လိုက်တော့ ၆၀၀၀ ရသွားတယ်။ အဲဒါကို သုံးလည်း မသုံးနိုင်ဘူးဆိုရင် Present ပေးတဲ့ ၁၀၀၀ က ရမှာမဟုတ်ဘူး”” ဟု 1876 Hotline မှ တာဝန်ရှိသူတစ်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် အပိုထပ်ဆောင်းငွေ ထည့်ပေးခြင်းမှာ ပြည်တွင်း ဖုန်းခေါ်ဆိုမှုအတွက်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး Oversea Call ပြည်ပ ဖုန်းခေါ်ဆိုနိုင်မည် မဟုတ်ပေ။

ကန့်သတ်ချက် အနေဖြင့် ဧပြီလ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ခဲခြစ် ထည့်သွင်းသည့် ဖုန်း ကတ်များ အတွက်သာ အဆိုပါ အပိုထပ်ဆောင်းငွေ ရရှိမည်ဖြစ်ပြီး ၁၀ ရက်အတွင်းသာ အသုံးပြုနိုင်မည် ဖြစ်သည်။

သင်္ကြန်ကာလ လက်ဆောင်အဖြစ် ဖုန်းငွေဖြည့်ကတ် တန်ဖိုးအလိုက် ၅၀၀၀ ကျပ် ထည့်သွင်းပါက အပိုထပ်ဆောင်း ၂၀ ရာခိုင်နှုန်း (၁၀၀၀ ကျပ်) (အချိန်ပို ၂၀ မိနစ်) ရရှိမည် ဖြစ်သည်။ ၁၀၀၀၀ ကျပ်တန် ငွေဖြည့်ကတ်အတွက် ၂၀၀၀ ကျပ် (အချိန်ပို ၄၀ မိနစ်)၊ ၂၀၀၀၀ ကျပ်တန် ငွေဖြည့်ကတ်အတွက် ၄၀၀၀ ကျပ် (အချိန်ပို ၈၀ မိနစ်)နှင့် ၃၀၀၀၀ကျပ်တန် ထည့်သွင်းပါက (၆၀၀၀ ကျပ်) (အချိန်ပို ၁၂၀ မိနစ် – ၂နာရီ) အပိုထပ်ဆောင်း အသုံးပြုနိုင်မည် ဖြစ်သည်။

““MPT ရဲ့ အခုလုပ်ရပ်ကတော့ တော်တော့်ကို စေတနာနည်းတဲ့ လုပ်ရပ်ပဲ။ တကယ်လို့ ပေးချင်တယ်ဆိုရင် ဘယ်အတွက်သုံးသုံး ပေးလိုက်ပေါ့။ အခုကျတော့ ပေးတော့ ပေးမယ်။ ဟိုဟာအတွက် မသုံးနဲ့၊ ဒီဟာအတွက် မသုံးနဲ့ ဆိုတာကြီးကတော့ မဖြစ်သင့်ဘူး။ နောက်ပြီး ပြောဆိုခအချိန်ကိုလည်း ကန့်သတ်ထားတယ် ဆိုတော့ မပေးတာနဲ့ သိပ်တော့ မထူးတော့ပါဘူး”” ဟု မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ မသဲသဲက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ယင်းကဲ့သို့ သင်္ကြန်ကာလ အပိုထပ်ဆောင်း လက်ဆောင်မှာ ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းများ အတွက်သာမက မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသည့် GSM, WCDMA, CDMA ဖုန်းများအတွက်ပါ အကျုံးဝင်မည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခုကဲ့သို့ သင်္ကြန်လက်ဆောင်အဖြစ် အပိုထပ် ဆောင်းငွေ ထည့်သွင်း ပေးခြင်းမှာ အစိုးရသစ် လက်ထက်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး ပြည်ပမှ ၀င်ရောက်လာသည့် ဆက်သွယ်ရေး လုပ်ငန်းများနှင့်အပြိုင် လုပ်ဆောင်နိုင်ရန်အတွက် ဈေးကွက် မြှင့်တင် လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်သူများ ရှိသည်။

ယင်းအစီအစဉ်နှင့် ပတ်သက်၍လည်း MPT မှ ဖုန်းသုံးစွဲသူများထံသို့ မက်ဆေ့ခ်ျများ ပေးပို့ ပေးခဲ့သည့်အပြင် အသေးစိတ် သိလိုသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာန အင်တာနက်စာ မျက်နှာ၌ ဖတ်ရှု နိုင်ကြောင်းနှင့် ဖုန်းနံပါတ် ၁၈၇၆ သို့ မေးမြန်းနိုင်ကြောင်းလည်း အဆိုပါမက်ဆေ့ခ်ျ၌ ပါရှိသည်။

MPT အနေဖြင့် ဧပြီလဆန်းပိုင်းကလည်း ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကတ်များအပေါ် ကန့်သတ်ထားချက် အချို့အား ပယ်ဖျက်ပေးခဲ့ပြီး ယင်းပယ်ဖျက်ချက်များတွင် ယခင်က တစ်လလျှင် ၂၅၀၀ ကျပ် ကုန်အောင် သုံးစွဲရန်နှင့် ၁၅ ရက်အတွင်း အသုံးမပြုပါက လိုင်းပိတ်သိမ်းမည့် အချက်များ ပါဝင်သည်။ ယင်းသို့ ပယ်ဖျက် လိုက်သည့်အတွက် ဖုန်းငွေဖြည့်ကတ်အတွင်း ပါရှိသည့် သက်တမ်းအတိုင်း အသုံးပြုနိုင်တော့မည် ဖြစ်သည်။

““တစ်လကို ၂၅၀၀ အနည်းဆုံးဆိုတာ အရင်တုန်းက ပြောထားတဲ့အတိုင်းလေ။ အဲဒီ အသုံးပြုမှုဆိုတဲ့ ကန့်သတ်ချက်ကို အခုပယ်ဖျက်ပြီး ဖြစ်ပါတယ်””ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဦးစီးအရာရှိ ဦးသန့်ဇင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ CDMA 800 MHz ၂၁၅၀၀၀၀ လုံး၊ GSM ၁၅၃၉၇၀၀နှင့် WCDMA ၅၆၀၃၀၀ အား ပြည်နယ်နှင့် တိုင်းအသီးသီးသို့ ရောင်းချ ပေးခဲ့ပြီး ဖြစ်ကာ တန်ဖိုးနည်းဖုန်း အပါအ၀င် တစ်နိုင်ငံလုံးသို့ ဖုန်းအလုံးရေပေါင်း ရှစ်သန်းကျော် ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။

MH-0025
မြန်မာသံတော်ဆင့်