ချောင်းအတွင်း ရေဆင်းချိုးသည့် ခုနစ်နှစ်အရွယ် မိန်းကလေး ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 4/04/2014 06:15:00 PM


ရန်ကုန်၊ ဧပြီ ၃

တွံတေးမြို့နယ်တွင် ချောင်းအတွင်း ရေဆင်းချိုးသည့် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ သဖြင့် မြို့နယ်ရဲစခန်းက ဧပြီ ၂ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ စူးကလဲ့ ရေကျော်ကျေးရွာတွင် ဧပြီ ၂ရက် ညနေ ၅ နာရီခွဲအချိန်က ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ မမေသဇင်ဖူး (ခ) ဖူးဖူး (၇)နှစ် ပထမတန်း ကျောင်းသူသည် နေအိမ်နောက်ဖေးရှိ ရေကျော် ချောင်းအတွင်း ရေးဆင်းချိုးခဲ့သည်ဟု မိခင်ဖြစ်သူကဆို ထားသည်။

သေဆုံးသူနှင့်အတူ ရေဆင်းချိုးသည့် မသင်းမြတ်မွန် (၆)နှစ်က ချောင်းထဲမှ ပြေးတက်လာပြီး မသဇင်ဖူး(ခ) ဖူးဖူး ရေနစ်နေကြောင်း အော်ဟစ်ပြောဆိုခဲ့ရာ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ရီက သမီးဖြစ်သူကို သွားရောက် ဆယ်ယူခဲ့ပြီး ဆေးရုံသို့ ပို့အပ်ရာလမ်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းသေဆုံးမှုကိုလည်း မြို့နယ်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ဓမ္မတာတိုင်း ရေနစ်သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးလျက်ရှိသည်။

Mizzima Burmese