ဘုရားဖူးတာလား အလှကြည့်တာလား

ပို့စ်တင်ချိန် - 4/24/2014 07:12:00 AM


ခေါင်းစဉ်ကြောင့် စာဖတ်သူတို့ ခေါင်းရှုပ်သွားမယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက ဖေ့စ်ဘွတ်မှာ ဝါဆိုလပြည့် ဆိုတော့ ဘုရားပုံတော်တွေ၊ စေတီပုံတွေတင်ကြတာ တွေ့ပါတယ်။ အရင်ကလည်း တင်နေကြပါတယ်။ ယခုလည်း တင်နေကြပါသေးတယ်။

ကိုရင်ငယ်လေးတွေ ဆွမ်းခံကြွနေပုံတွေ၊ စာကျက်နေပုံတွေ ဓာတ်ပုံဆရာတို့ လက်စွမ်းပြကောင်းမှု ကြောင့် အင်မတန် ကြည့်လို့ရှုလို့ လှတဲ့၊ သပယ်တဲ့ ဓာတ်ပုံတွေ၊ စေတီတွေ၊ ဘုရားတွေ၊ ရဟန်းတွေ၊ ကိုရင်တွေ ကို ဖူးမျော်ကြရမှာ ဖြစ်ပါတယ်။ တစ်ခါခါ ကျရင် ကိုရင်ငယ်လေးတွေ သစ်ပင်အောက်မှာ စာကျက်နေတဲ့ပုံတို့၊ စေတီအောက်မှ ထိုင်နေပုံတို့ တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ခါခါက ကိုရင်လေးက ချစ်စရာလေးဆိုပြီးတော့ တောင် Comment ပေးတာတွေ တွေ့ရပါတယ်။

ဆိုလိုရင်း ရောက်ပါပြီ။ စာဖတ်သူတို့ ယင်းကဲ့သို့လှပသော ဓာတ်ပုံများကို ကြည့်ရှုသည့်အခါ စိတ်ထဲမှာ ဘယ်လိုရှိပါသလဲ။ လှလိုက်တာလိုတော့ အနည်းဆုံး စိတ်ထဲမှာ တွေးမိမှာ ဖြစ်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်တစ်ယောက်အနေနဲ့ကတော့ ဒီလောက်နဲ့ လုံလောက်တယ်လို့ ထင်ပါသလား။

စက္ခု (အမြင်)၊ အကြား (သောတ) တို့မှာ ဥာဏ်အသိဝင်ရန် လိုအပ်ပါတယ်။ အချို့သော သူတို့က စေတီပုံတော်တွေ၊ ဘုရားပုထိုးတွေကို ရှုထောင့်အမျိုးမျိုးက ရိုက်ထားသောပုံများအား တင်ကြ၊ Share ကြ ပါတယ်။ တစ်ခါခါ Profile Picture မှာ သပယ်လွန်းလို့ စေတီပုံတွေ၊ ကိုရင်လေးပုံတွေ တင်တာ တွေ့ရပါတယ်။

မြတ်စွာဘုရားဟောကြားတဲ့ တရားထဲက အနည်းကျဉ်းသာ ထုတ်နှုတ်ပြသရန်လိုအပ်ပါတယ်။ ရာဂ ဟူသော တဏှာအာရုံအပေါ် စွဲလမ်းမှုကို စာဖတ်သူတို့ သိကြမယ်ထင်ပါတယ်။ အမြင်အာရုံ၊အကြား အာရုံ၊ အတွေ့အထိ အာရုံ၊ ရသာသိ အာရုံ၊ အနံအာရုံ၊ စိတ်အသိအာရုံ စသည်ဖြင့် အာရုံ ၆ပါးဟာ ဒွါရ ၆ပေါက်က ဝင်ပါတယ်။ ယင်းဒွါရများကြောင့်၊ အာရုံများကြောင့် ကုသိုလ်၊ အကုသိုလ် ဖြစ်နေကြရပါတယ်။

လိုချင်တပ်မက်အပ်သော အရာဝတ္ထု၊ အသံကို ကြားသည့်အခါ ကာမဂုဏ် အာရုံ၊ တဏှာရာဂ စိတ်ကို နှိုးကြွ စေပါတယ်။ တဏှာရာဂဆိုလို ကျားမပေါင်းသင်းဆက်ဆံမှုတစ်ခုတည်း မဟုတ်ပါ။ ရှိရှိသမျှ အာရုံများအပေါ် တပ်မက်စွဲလမ်းမှုကို ဆိုလိုပါသည်။ သီချင်းလေး နားထောင်၍ နှစ်သက်ခြင်း၊ အသံလေးကြားမှ အိပ်ပျော်ခြင်း၊ လှပသော ပုံလေးမြင်ရမှ ကြည်နူးခြင်း၊ သူကလေးကိုမြင်မှ အိပ်ပျော်စားဝင်ခြင်း အစရှိသဖြင့်တို့ဟာ တဏှာအာရုံ ဖြစ်ပါတယ်။ တဏှာရဲ့ အဆက်အဖြစ် လောဘက အမျှင်တွယ်ပါတယ်။

ယင်းနှင့် ဘုရားပုံတော်၊ စေတီပုထိုးများနှင့် မည်သို့ ဆက်စပ်သနည်း။

ဆက်စပ်ပါသည်။ ဘုရားပုထိုး၊စေတီတို့ကို ကြည့်ရှုသည့်အခါ လှလိုက်တာဟု တွေးခြင်း၊ပြောခြင်းမျိုးက တဏှာအာရုံမျှသာ ဖြစ်ပါတယ်။ လှပသော အဆင်းအာရုံကိုမြင်ရသဖြင့် ဖြစ်ပေါ်သော စွဲလမ်းခြင်းအာရုံ သဘောသာ သက်ရောက်ပါတယ်။

အမှန်စင်စစ် ဘုရားပုံတော်တို့၊ စေတီတို့၊ ရဟန်း၊ ကိုရင်တို့ကို ဖူးတယ်ဆိုတာ ယင်းကဲ့သို့ နိမ့်ပါးသော အာရုံများ ဝင်ရန် အတွက် မဟုတ်ပါ။

သံဝေဂ ပတ္တိဥာဏ်၊ ဘာဝနာဥာဏ်စဉ် အစရှိသဖြင့်တို့ မဟာကုသိုလ်စိတ် ပွားများနိုင်စေရန် ဖြစ်သည်။ ဘုရားပုံတော်တစ်ခုမြင့်သည့်အခါ မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ ရောင်တော် များကို အမှတ်ရ စေရန် ဖြစ်သည်။ ရဟန်း၊ ကိုရင် စသည့် ဘုရားသားတော်များကို ဖူးမြင်ရသည့်အခါ သံဃာ့ ဂုဏ်တော်ကို သိမြင်အမှတ်ရခြင်း၊ ဘုရားဟောတရားများကို ဖတ်ရှုမိသည့်အခါ၊ ကြားရသည့်အခါ တရားဓမ္မ၏ ဂုဏ်တော်ကို အောင့်မေ့ သိမြင်ခြင်း တို့ဖြင့် ဖြစ်ပါတယ်။

ဘုရားဖူးသွားခြင်းကလည်း ထိုနည်းတူစွာပဲ ဖြစ်ပါသည်။ ဘုရားအမွေအနှစ်များ၊ စေတီကျောင်းဆောင်များ၊ နေရာဒေသများအား သွားရောက်ဖူးမျော်လျှင်လည်း ထိုနည်းတူစွာပင် ဖြစ်ပါသည်။ တရားပွဲများတွင် တရားသွားရောက် နာကြားလျှင်လည်း သောတာရုံတွင် ထိုနည်းတူစွာပဲ ဖြစ်ပါသည်။ ဘုရားဟောများကို သေချာ လေ့လာနားကြားမှတ်ယူ သင့်ပါသည်။

ကိုရင်၊ ရဟန်းဟူသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြန်လွတ်တော်မူပြီးနောက်ပိုင်း သာသနာ အဓွန့်ရှည်ရန် ဘုရား တပည့်သားများ ဖြစ်သည်။ ရဟန်း၊ ကိုရင်၊ ဦးဇင်း စသည့် သံဃာ ဂိုဏ်းဝင်များက ထိန်းသိမ်းကြရသည်။ သံဃာဂုဏ်မှာ ပြောမကုန်လောက်အောင် ကျေးဇူးများလှသည်။ ယင်းကျေးဇူးကို သိမြင်ပြီး ကိုရင်၊ ရဟန်းတို့ကို ဖူးမျော်ရသည့်အခါ ကျေးဇူး၊ ဂုဏ်တော်များကို သတိရပြီး ဘုရားဟောတရားအတိုင်း ဒါန၊သီလ၊ ဘာဝနာများကို လေ့လာကျင့်ကြံအားထုတ်ရန်ဖြစ်သည်။

အလှဓာတ်ပုံများ Share တာမျိုးကတော့ အခြားဘာသာများလည်း လုပ်နေကြပါတယ်။ ကောင်းကင်ပေါ်မှာ ပေါ်နေသောပုံများ၊ဘာများ အစရှိသဖြင့် အမြင်အားဖြင့် အံ့သြလှပသော ပြကွက်အမျိုးမျိုးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ယင်းအားလိုက်၍ ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေတို့ လိုက်မလုပ်ရန် လိုအပ်ပါသည်။ သဘာဝကျသော ပုံတော်များကို တင်နိုင်ပါသည်။ ရှဲနိုင်ပါသည်။ အလှဓာတ်ပုံကြည့်ရှုသည်ထက် ပိုမိုသော ဥာဏ်အသိဖြင့် ကြည့်ရန်၊ ဖူးရန်မှာ ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေတို့၏ အမှုကိစ္စဖြစ်ပါသည်။

ယခုလောက်ဆို ဘုရားပုံတော်၊ စေတီပုထိုး၊ ကိုရင်ပုံတို့ကို ဘယ်လို Share, ဘယ်လို တင်၊ ဘယ်လို Comment ပေး၊ ဘယ်လိုတွေး၊ ဘယ်လိုကျင့်ကြံရမယ်ဆိုတာ သိပြီလို့ စာဖတ်သူတို့ သိရှိနားလည်ပြီလို့ ယူဆပါတယ်။ ဥာဏ်အသိ ဥာဏ်မျက်စိ၊ ဥာဏ်အာရုံ၊ ဥာဏ်ယှဉ်သော သောတ တို့ဖြင့် မြင်ကြား ဖူးမျော်တတ်ကြပါစေ။

အောင်ခမ်း