ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်

ပို့စ်တင်ချိန် - 4/26/2014 01:41:00 PM


ပီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်း အမှတ် ကျောက်စာထားရှိဖို့အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲ့ဒီ ကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေးက ပြောပါတယ်။

"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်းမှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန် တဲ့နောက်လူတွေ လက်ဆင့်ကမ်းပြီး ဆရာ့ကို ကိုယ်စားပြုတဲ့ကောက်နှုတ်ချက်တစ်ခုခုတော့ ဖြစ်မှာပေါ့ ဗျ၊ ကျနော်တို့ ဥာဏ်ကြီးကြီး၊ခေါင်းကြီးကြီးနဲ့ ရွေးကြမှာပေါ့၊ဒါပေမဲ့ အချိန်ယူပြီး လုပ်ကြမှာပေါ့"

တောင်လေးလုံးကျောင်းတိုက်မှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာမြသန်းတင့်၊ ဆရာတင်မိုး၊ ဆရာဒေါက်တာ သန်းထွန်း စတဲ့အထင်ကရစာရေးဆရာကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်စာတွေကို ရေးထိုးပြီး မှတ်တမ်းတင် ထားတယ်လို့သိရပါတယ်။

ဆရာဦးဝင်းတင်ဟာ ၁၉၆၈ ခုနှစ်ကစပြီး ၁၉၇၈ ခုနှစ်အထိ မန္တလေးမြို့မှာ ဟံသာဝတီသတင်းစာကို ဦးစီး ထုတ်ဝေခဲ့ပြီး သတင်းစာပညာနဲ့ မန္တလေးမြို့ခံတွေအပေါ် သြဇာကြီးခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဆရာဦးဝင်းတင် အတွက်ရည်စူး ပြီး သံဃာ ၅ ပါးကို ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

စာရေးဆရာညီပုလေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင် နားဆင်ရန်

RFA Burmese