အိုဇေးလ်သည် လာမည့်နှစ်တွင် ပရီးမီးယားလိဂ် ကြယ်ပွင့် ဖြစ်လာလိမ့်မည်ဟု အာစင်ဝင်းဂါး မှတ်ချက်ပြု

ပို့စ်တင်ချိန် - 4/19/2014 02:00:00 PM


ရီးယဲမက်ဒရစ်မှ အာဆင်နယ်သို့ ပေါင် ၄၂.၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် အိုဇေးလ်သည် ၎င်း၏ ပထမဦးဆုံး ဘောလုံးရာသီ၌ အခက်အခဲများနှင့် တွေ့ကြုံရခဲ့သော်လည်း အဆိုပါ ဂျာမနီ ကစားသမားသည် လာမည့်နှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမားတစ်ဦး ဖြစ်လာလိမ့်မည်ဟု အသင်း မန်နေဂျာ အာစင်ဝင်းဂါးက မှတ်ချက်ပြု ပြောကြားခဲ့သည်။

တံကောက်ကြော ဒဏ်ရာကြောင့် တစ်လကျော်ခန့် အနားယူနေရသည့် အသက် ၂၅ နှစ်အရွယ် အိုဇေးလ်သည် တနင်္ဂနွေနေ့တွင် ဟူးလ်စီးတီးနှင့် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ် ရှိသည်။

ထို့နောက် ဝင်းဂါးက အသင်းမှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဝယ်ယူထားသည့် အိုဇေးလ်သည် ထိပ်ဆုံးလေးသင်း နေရာနှင့် အက်ဖ်အေဖလား ပြိုင်ပွဲအတွက် အဓိကကျသည့် ကဏ္ဍမှ ပါဝင်နိုင်လိမ့်မည်ဟု ဆိုခဲ့သည်။

“သူဟာ အံ့အားသင့်ဖွယ် ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ လာမယ့်နှစ်မှာ သူ့ကို ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမား အနေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ အသင်းနဲ့ အသားကျဖို့ ကြိုးစားခဲ့ရပေမယ့် မကြာခင်မှာ အသင်းဖော်တွေနဲ့ နားလည်မှုရှိရှိ ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နောက်ပြီး လက်ကျန်ပွဲတွေမှာလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

အာဆင်နယ်သည် အိုဇေးလ် မပါဝင်နိုင်သည့် ကာလတွင် နှစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး အသင်းမှာလည်း ချန်ပီယံလမ်းကြောင်းမှ သွေဖယ်ကာ အဆင့် ၄ နေရာတွင် ရပ်တည်နိုင်ရန် ကြိုးပမ်းနေရလျက် ရှိသည်။

သို့သော် ဗုဒ္ဓဟူးနေ့က ခရစ္စတယ်ပဲလေ့စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည့် အဲဗာတန်နှင့် အိုဇေးလ် ပြန်လည် ကစားနိုင်သည့် သတင်းများက အာဆင်နယ်အတွက် အဆင့် ၄ နေရာတွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ ရရှိရန်အတွက် အားတစ်ရပ် ဖြစ်လာခဲ့သည်။

Ref: DailyStar
Soccer Myanmar