နှစ်ပေါင်း ၅၀ ခန့်ထိန်းချုပ်ထားသော လက်နက်တင်ပို့ ရောင်းချမှုကို ဂျပန်က ပထမဆုံး ဖြေလျှော့မည်

ပို့စ်တင်ချိန် - 4/02/2014 06:49:00 PM



တိုကျို ၊ ဧပြီ ၁

ဂျပန်နိုင်ငံက နှစ်ပေါင်း ၅၀ ခန့် ထိန်းချုပ်ထားသော လက်နက်တင်ပို့ ရောင်းချမှုများကို ပထမဆုံးအကြိမ် ဖြေလျှော့တော့မည် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန် ဦးဆောင် ရေးဆွဲပေးခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိနိုင်ငံကို ကာကွယ်သည့် အခြေအနေမှအပ စစ်မက်ဖြစ်ပွားခြင်းကို တားမြစ်ထားသည်။

ထို့ပြင် ဂျပန်နည်းပညာများကို အမေရိကသို့ ဖြန့်ဝေပေးခြင်းများ ရှိသော်လည်း စစ်လက်နက် တင်ပို့ရောင်းချခြင်းကိုမူ တားမြစ်ထားသည်။

ယခုပြင်ဆင်ရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဂျပန်၏ မဟာမိတ် နိုင်ငံများနှင့် လက်နက်များ ပူးတွဲထုတ်လုပ်ခွင့်ရှိမည် ဖြစ်သကဲ့သို့ ဂျပန်၏ ကာကွယ်ရေးလုပ်ငန်း များကိုလည်း ဈေးကွက်သစ်များ၊ နည်းပညာ အသစ်များကို လက်ခံရယူနိုင်ခွင့်ကိုလည်း ခွင့်ပြုမည် ဖြစ်သည်။

ဂျပန်သည် လက်နက်တင်ပို့ ရောင်းချမှုနှင့် ပတ်သက်၍ ကွန်မြူနစ် နိုင်ငံများ၊ ကုလသမဂ္ဂက လက်နက်တင်ပို့ ရောင်းချခြင်းမှ ပိတ်ပင်ခံထားရသည့် နိုင်ငံများနှင့် နိုင်ငံတကာ ပဋိပက္ခများတွင် ပါဝင်သော သို့မဟုတ် ပါဝင်ရန် အလားအလာရှိသော နိုင်ငံများသို့ လက်နက် ရောင်းချမှု မပြုခြင်းဟူသော မူသုံးချက်ပေါ်တွင် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော နိုင်ငံဖြစ်သည်။

ဂျပန်သည် အဆိုပါ မူသုံးချက်သည် ၁၉၆၇ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် လက်နက် တင်ပို့မှုကို မိမိသဘောထားဖြင့် ပိတ်ပင် တားမြစ်မှု ပြုလုပ်ထားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဂျပန်အမျိုးသား လုံခြုံရေးကို မြှင့်တင်ရန်နှင့် ဒုတိယကမ္ဘာစစ်အပြီး မိမိသဘောဖြင့် ချမှတ်ထားသော တားဆီး ပိတ်ပင်မှုများကို ပြန်လည် လျှော့ချရန် လိုလားလျက်ရှိသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေသော အရေးကိစ္စများနှင့် ဂျပန်လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်လာသည့် အခြေအနေများတွင် လက်နက် တင်ပို့ရောင်းချမှုကို ခွင့်ပြုမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံထုတ် Kyodo သတင်း အေဂျင်စီတွင် ဖော်ပြထားသည်။

ဂျပန်က လက်နက်တင်ပို့ ရောင်းချခြင်းနှင့် ပတ်သက်သော ထိန်းချုပ်မှုများကို ဖြေလျှော့ရာတွင် လက်နက် တင်ပို့မှုများကို တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမည် ဖြစ်ပြီး ဂျပန်နိုင်ငံက တင်ပို့ရောင်းချသော လက်နက်များကို တတိယအဖွဲ့ သို့မဟုတ် နိုင်ငံကို ထပ်မံရောင်းချခွင့်ပေးမည် မဟုတ်ကြောင်း အဆိုပါ သတင်း အေဂျင်စီက ပြောကြားသည်။

ဂျပန်နိုင်ငံက ယခုကဲ့သို့ လက်နက် တင်ပို့ရောင်းချခြင်းနှင့် ပတ်သက်၍ ထိန်းချုပ်မှုများကို ဖြေလျှော့မည့် ကိစ္စအပေါ် တရုတ်ကသံသယဖြင့် ရှုမြင်ဖွယ်ရှိသည်။

ဂျပန်နိုင်ငံရေးသည် အမျိုးသားရေးဝါဒီ လက်ယာယိမ်းများဘက်သို့ ရောက်ရှိ သွားပြီးနောက် ယခုကဲ့သို့ လက်နက် တင်ပို့ခြင်းအပေါ် ထိန်းချုပ် ထားမှုများကို ဖြေလျှော့ ပေးလိုက်ခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးဆက်သည် လူအများအတွက် စိုးရိမ်စရာကိစ္စ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချွန်ရင်းက ပြောကြားသည်။

ဂျပန်နိုင်ငံသည် ယမန်နှစ်ကလည်း အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်ကို လည်းကောင်း၊ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ခြင်းကို လည်းကောင်း ဂျပန် အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့သည်။
ယင်းလုပ်ရပ်သည် တရုတ်၏ စစ်အင်အား ကြီးထွားမှုကို တန်ပြန်ရန် ရည်ရွယ်သည့် လုပ်ရပ်အဖြစ် ရှုမြင်ခံခဲ့ရသည်။

ဂျပန်နိုင်ငံသည် လာမည့် ငါးနှစ်အတွင်း မောင်းသူမဲ့ လေယာဉ် များ၊ ရေဒါပျောက် တိုက်လေယာဉ်များနှင့် ကမ်းတက် စစ်ရေယာဉ်များကို ဝယ်ယူမည် ဖြစ်သည်

The Voice