လန်ဒန်ဆံပင်ညှပ်ဆိုင်တွင် ကင်ဂျုံအွန်ပုံနှင့် ကြော်ငြာကို မြောက်ကိုရီးယားက မကျေနပ်

ပို့စ်တင်ချိန် - 4/20/2014 02:00:00 PM


မတ် ၂၂ ရက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(လယ်) က ပြုံယမ်းရှိ ရူဂျွန်းသွားဘက်ဆိုင်ရာ ဆေးရုံ၌ လှည့်လည်စစ်ဆေးနေစဉ်

လန်ဒန်တွင် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်၌ လျှော့ဈေးဖြင့် ဆောင်ရွက်ပေးမည့် ကြော်ငြာ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ပုံကို အသုံးပြုထားခြင်းအား မြောက်ကိုရီးယားသံရုံးမှ အာဏာပိုင်များက မကျေနပ်ကြောင်း ပြသခဲ့ပြီးနောက် ဗြိတိန်ရဲတပ်ဖွဲ့က ကြားဝင်ဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။

ဆံသဆရာ မိုနက်ဘက်ခ်ျက မြောက်ကိုရီးယားသံရုံးမှဟု ၎င်းတို့ကိုယ်ကို ဖော်ပြခဲ့သော အရာရှိနှစ်ဦးသည် လန်ဒန်မြို့အနောက်ပိုင်း အာလင်ရှိ သူ၏ M & M Hair Academy မှ ကြော်ငြာပုံများကို ဆွဲဖြုတ်ခဲ့ကြောင်း ပြောပြခဲ့သည်။ ယင်းနောက် သူတို့သည် ဆံသဆရာ၏ နာမည်ကိုမေးပြီး ဆံသဆိုင်ပြတင်းပေါက်မှ ပိုစတာကို ဖယ်ရှားရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။

ယင်းပိုစတာတွင် အနောက်နှင့်ဘေးနှစ်ဖက်တွင် သိသိသာသာ တိုနေသော ဆံပင်ပုံနှင့် ကင်ဂျုံအွန်၏ပုံကြီးကို ဖော်ပြထားပြီး “ဆိုးရွားသော ဆံပင်နေ့လား။ ဧပြီတစ်လလုံး အမျိုးသားအားလုံးရဲ့ဆံပင်ညှပ်ခကို ၁၅ ရာခိုင်နှုန်း လျှော့ပေးမယ်” ဟု ရေးသားထားသည်။

ဆံသဆရာက “ဒါ မြောက်ကိုရီးယား မဟုတ်ဘူး၊ အင်္ဂလန်။ ရှေ့နေတွေပဲ သွားငှားတော့” ဟု မြောက်ကိုရီးယားမှ လာသူနှစ်ဦးကို ပြန်ပြောခဲ့သည်ဟု ဆိုသည်။

“မြောက်ကိုရီးယားနှစ်ဦးက အနောက်တိုင်းဝတ်စုံပြည့်ကို ၀တ်ထားပြီး အရမ်းမောက်မာတယ်၊ ခြိမ်းခြောက်နေပုံက ကြောက်စရာကြီး” ဟု ဆံသဆရာက ပြောကြားခဲ့သည်။

သို့သော် ဆံသဆရာ နက်ဘက်ခ်ျသည် ပိုစတာကို ဖယ်ရှားပေးခဲ့သည်ဟု ဆိုသည်။ ဆံသဆရာ၏သား ကာရင်က သူတို့သည် ပိုစတာကို ဖယ်ရှားပေးခဲ့ကြောင်းနှင့် ဆိုင်သို့လာသည့် မြောက်ကိုရီးယားနှစ်ဦးသည်လည်း သူတို့ခေါင်းဆောင်၏ ဆံပင်ပုံမျိုး ညှပ်ထားကြောင်း ပြောပြခဲ့သည်။

ကာရင်က “ကျွန်တော်တို့ဆိုင်ကနေ ၁၀ မိနစ် လမ်းလျှောက်သွားရင် ရောက်တဲ့နေရာမှာ မြောက်ကိုရီးယားသံရုံးရှိတာ ကျွန်တော်တို့ သတိမထားမိဘူး။ နောက်နေ့မှာပဲ ဆိုင်ကိုလာပြီး မန်နေဂျာနဲ့ စကားပြောချင်တယ်လို့ တောင်းဆိုတဲ့ မြောက်ကိုရီးယား အရာရှိတွေကို တွေ့ရတော့တာပဲ” ဟု ဆိုသည်။

သူ၏အဖေသည် အာလင်ရဲစခန်းသို့ သွားရောက်ကာ အဖြစ်အပျက်နှင့် ပတ်သက်၍ အစီရင်ခံ တင်ပြခဲ့ကြောင်း၊ ယင်းည၌ မည်သည့်အရာမှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းနှင့် မြောက်ကိုရီးယား အရာရှိများသည်လည်း ရဲစခန်းသို့ သွားခဲ့ပုံရကြောင်း ကာရင်က ပြန်ပြောပြခဲ့သည်။ ရဲတပ်ဖွဲ့ကလည်း ၎င်းတို့အနေဖြင့် ကြားဝင်ဖြေရှင်းပေးခဲ့ရကြောင်း အတည်ပြုခဲ့သည်။

“အရာရှိတွေက ဒီဖြစ်ရပ်မှာပါဝင်တဲ့ နှစ်ဖက်စလုံးနဲ့ စကားပြောပြီးပါပြီ။ ဘာကျူးလွန်မှုမှ မရှိပါဘူး” ဟု လန်ဒန်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ လန်ဒန်မြို့ဆင်ခြေဖုံးရှိ အဆိုပါဆံပင်ညှပ်ဆိုင်မှ နှစ်မိုင်အကွာခန့်တွင်ရှိသော မြောက်ကိုရီးယားသံရုံးမှ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကင်ဂျုံအွန် မိသားစုသည် မြောက်ကိုရီးယားနိုင်ငံကို တင်းမာသော သဘောထား၊ လွဲမှားသော ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဖြင့် ဆယ်စုနှစ်ပေါင်း ခြောက်ခုကျော်ကြာအောင် အုပ်ချုပ်ခဲ့သည်။ ကင်ဂျုံအွန်၏ ဆံပင်ပုံစံသည် မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ သူ၏အဘိုး ကင်အီဆွန်း၏ ဆံပင်ပုံနှင့် တူညီပြီး ကင်ဂျုံအွန်သည် သူ၏ဖခင် ကင်ဂျုံအီထက် အဘိုးဖြစ်သူ ကင်အီဆွန်း၏ ပုံရိပ်နှင့် တူညီအောင် မိမိကိုယ်မိမိ အတင်းအဓမ္မ လုပ်ယူနေသည်ဟု ဆိုသည်။

Ref:AFP
Eleven Media Group