တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆုံးဖြတ်နိုင်ဖွယ်ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ယနေ့စမည်

ပို့စ်တင်ချိန် - 4/05/2014 01:35:00 PM



ရန်ကုန်၊ ဧပြီ ၎

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက် ချနိုင်ဖွယ်ရှိသော အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့ (ဧပြီလ ၅ ရက်) စတင်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အသီးသီး ရေးဆွဲထားသည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း ၂ ခုကို နှစ်ဖက်လက်ခံသော စာချုပ်တစ်ခု (Single Text) အဖြစ် ပူးပေါင်းရန် ညှိနှိုင်းမည့် အဆိုပါ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ အခြေခံ သဘောတူညီချက်များနှင့် လက်မှတ်ထိုးရန် နောက်ဆုံး ဆွေးနွေးမည့် ဘားအံ ဆွေးနွေးပွဲအတွက် အဖြေထွက်နိုင်ဖွယ် ရှိကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ယခု ဆွေးနွေးပွဲအတွက် အစိုးရက တင်သွင်းမည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ ပူးပေါင်းရေးဆွဲထားပြီး ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

တိုင်းရင်းသား အဖွဲ့များကလည်း အစိုးရနှင့် ညှိနှိုင်းမည့် အပစ်ရပ်မူကြမ်းကို ဧပြီလဆန်းတွင် အပြီးသတ် ရေးဆွဲခဲ့ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ပြောကြားသည်။

နှစ်ဖက်သဘောတူ အပစ်ရပ်မူကြမ်း ထွက်ပေါ်လာရေးအတွက် အစိုးရနှင့် တိုင်းရင်းသားများ ပါဝင်သည့် ပူးတွဲကော်မတီ တစ်ရပ်ကို တစ်ဖက်လျှင် အဖွဲ့ဝင် ၉ ဦးစီဖြင့် ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့မှ ခေါင်းဆောင်များ ဦးဆောင် ပါဝင်မည် ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့များက ဆိုသည်။

အစိုးရနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင် အများအပြား ပါဝင်မည့် ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

NCCT မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-k) တို့လည်း ဆွေးနွေးပွဲ၌ ပါဝင်လာမည် ဖြစ်ပြီး သမိုင်းတစ်လျှောက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အများဆုံး ပါဝင်သော ဆွေးနွေးပွဲတစ်ရပ် ဖြစ်လာဖွယ် ရှိကြောင်း MPC အကြီးတန်း အကြံပေးတစ်ဦးက ပြောဆိုသည်။


The Voice Weekly