သီပေါမြို့ ဒုဋ္ဌဝတီမြစ်ကမ်းတစ်လျှောက် အမှိုက်ပစ်သူများပြား

ပို့စ်တင်ချိန် - 4/19/2014 01:46:00 PM

ဓာတ်ပုံ - သီပေါ ဒုဋ္ဌ၀တီတံတားအနီးရှိ အမှိုက်များကိုတွေ့ရစဉ်

သီပေါ၊ ဧပြီ ၁၉။

သီပေါမြို့၊ ဒုဋ္ဌဝတီမြစ်ကမ်းတစ်လျှောက် အမှိုက်ပြစ်သူများကြောင့် မြစ်ကမ်းဘေးတစ်လျှောက်တွင် အမှိုက်များဖြင့် ရှုပ်ပွလျက်ရှိပြီး မြစ်ကြောင်းသန့်ရှင်းသာယာလှပရေး
အဖွဲ့အား ဖွဲ့စည်းထားသော်လည်း ဒေသခံများပူးပေါင်းဆောင်ရွက်မှုအားနည်းလျက်ရှိနေကြောင်း သတင်းရရှိသည်။

ဒေသခံများကြားတွင်မူ မြစ်ကြောင်းသန့်ရှင်းသာယာလှပရေးအဖွဲ့တွင် ပါဝင်သည့် အချို့ပုဂ္ဂိုလ်များက ၄င်းတို့၏ အကျိုး အမြတ်အတွက် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု
ယူဆသဖြင့် မြစ်ကြောင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရာ တွင် လူထုပါဝင်မှု အားနည်းနေဆဲဖြစ်ကြောင်း ဝေဖန်ပြောဆိုကြသည်။

“မြစ်ကြောင်း သန့်ရှင်းသာယာလှပရေးမှာ ပါတဲ့ ပုဂ္ဂိုလ်အချို့က ဟိုတယ်ပိုင်ရှင်တွေဖြစ်တယ်၊ ဟိုတယ်ကို မြစ်ကြောင်းဘေးမှာ တည်ထားတော့ ဟိုတယ်အနီးသန့်ရှင်းဖို့ကို
မြစ်ကြောင်းသန့်ရှင်းလှပရေးခေါင်းစဉ်တပ်ပြီး လုပ်တယ်လို့မြင်တယ်၊ သံတံတားထိပ် မြို့အ၀င်မြစ်ထဲမှာ အမှိုက်တွေ အပြည့်ပဲဖြစ်နေတယ်၊ စေတနာနဲ့ လုပ်တယ် ဆိုရင်
အဲဒါတွေ အရင်ရှင်းသင့်တယ်၊ အခုက ဟိုတယ်တွေနားမှာပဲ လုပ်နေကြတယ်”ဟု သီပေါဒေသခံတစ်ဦးက ပြောသည်။

သီပေါမြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းဝင်းမြင့်က ပြောကြားရာတွင် ဒေသခံများအနေဖြင့် စည်းကမ်းမဲ့ မြစ်အတွင်းသို့ အမှိုက်စွန့်ပစ်နေကြကြောင်း၊
အမှိုက်သိမ်းစနစ်အား ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်ဖြင့် ဆောင်ရွက်ပေးထားကြောင်း၊ မြို့တွင်းရှိ မြစ်ချောင်းများအတွင်းမှ အမှိုက်များ နှင့် နမ့်ပေါ့ချောင်းတစ်လျှောက်
အမှိုက်များအား သိမ်းဆည်း၍ မိုးတွင်း ရေမလျှံစေရန် ရေမြောင်းများအား ဆယ်ထားပေးပြီးဖြစ်ကြောင်း မြစ်အတွင်းမှ အမှိုက်ကိစ္စမှာမူ စည်ပင်နှင့် မသက်ဆိုင်ကြောင်း
မြစ်ကြောင်းသန့်ရှင်း သာယာလှပရေး အဖွဲ့ကသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

သီပေါမြို့ ဒုဋ္ဌဝတီမြစ် မြစ်ကြောင်းသန့်ရှင်း သာယာလှပရေးအဖွဲ့မှ နာယကဖြစ်သူ ဦးအောင်ခင်က ပြောကြားရာတွင် မြစ်အတွင်းမှ အမှိုက်များဆည်ယူသည့် လုပ်ငန်းကို
စတင်လုပ်ကိုင်သည့် အချိန်မှာပင် မြို့အ၀င် သံတံတားထိပ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လပြည့် လကွယ်နေ့တိုင်း လုပ်အားပေးမခေါ်ဘဲ စေတနာဖြင့်
လာရောက်ကူညီသူများနှင့် မြစ်အတွင်း၊ မြစ်ကမ်းဘေး တစ်လျှောက် အမှိုက်များအား ဆယ်ယူလျက်ရှိနေပါကြောင်း ပြန်လည်ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age