ပန်းရံဆရာတစ်ဦး အရက်သေစာသောက်စားပြီး ဆောက်လုပ်ဆဲတိုက်ပေါ်မှ ပြုတ်ကျသေဆုံး

ပို့စ်တင်ချိန် - 4/24/2014 07:30:00 AM


ရန်ကုန်၊ ဧပြီ ၂၃

၂၃.၄.၂၀၁၄ရက်နေ့ ၀၇၃၀အချိန်တွင် အင်းစိန်မြို့နယ်နေ ဆောက်လုပ်ရေး
ကန်ထရိုက်ဖြစ်သူ ဦးအောင်ကျော်ထွန်းမှ တောင်ဥက္ကလာပမြို့မရဲစခန်းသို့
ရောက်လာပြီး ၎င်းသည် တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်၊ ရသ၀တီ
လမ်းရှိ (၃)လွှာခွဲတိုက်နေအိမ်အား တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း၊ ၂၂.၄.၂၀၁၄ ရက်နေ့ ၂၃၃၀အချိန်ခန့်တွင် လုပ်ငန်းခွင်မှ ပန်းရံဆရာဖြစ်သူ ဦးအုန်းသောင်၊ (၄၅)နှစ်၊ (ဘ)ဦးချစ်သောင်၊ ရမည်းသင်းမြို့နယ်၊မန္တလေး
တိုင်းဒေသကြီးနေသူသည် အရက်သေစာ သောက်စားမူးယစ်ကာ
ဆောက်လုပ်ဆဲတိုက်(ပ)ထပ် အမြင့်(၉)ပေခွဲခန့်ရှိ အရေးပေါ်လှေကားမှ
ပြုတ်ကျခဲ့ပြီး ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဆေးကုသခြင်းမပြုဘဲ အိပ်ယာဝင်ခဲ့ရာမှ ၂၃.၄.၂၀၁၄ ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင်သေဆုံးသွား
ကြောင်းကို လာရောက်အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးခဲ့
ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ သေဆုံးသူ ဦးအုန်းသောင်တွင် ၀ဲချိုစောင်း၊ ၀ဲမျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ၀ဲနားထင်၊ ၀ဲပါး၊ ၀ဲလက်ဖျံ ၊ယာခြေမပွန်းပဲ့ဒဏ်ရာ
များရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၈/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။