ဘာလီလေဆိပ်အာဏာပိုင်တွေ လေယာဉ်ခေါင်းခန်းထဲဝင်ဖို့ ကြိုးစားခဲ့တဲ့ ခရီးသည်ကို ဖမ်းဆီး

ပို့စ်တင်ချိန် - 4/26/2014 10:59:00 PM


သြစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့ကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ကို ပျံသန်းခဲ့တဲ့ Virgin Australia လေကြောင်းခရီးစဉ်မှာ အရက်မူးပြီး လေယာဉ်ခေါင်းခန်းထဲဝင်ဖို့ ကြိုးစားခဲ့တဲ့ ခရီးသည်တဦးကို ဘာလီလေဆိပ်အာဏာပိုင်တွေက ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

ခရီးသည်ဟာ သြစတြေးလျသားက အသက် ၂၈ နှစ်အရွယ် မက် ခရစ်စတိုဖာ လော့ကလေ ဖြစ်ပြီး ဘာလီလေဆိပ်ကို ဆင်းဖို့ တနာရီအလိုမှာ လေယာဉ်ခေါင်းခန်းတံခါးကို ထုခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်အပိုင်စီးဖို့ ကြိုးစားတာမျိုးတော့ မတွေ့ရပေမယ့် ခရီးစဉ်အရေးပေါ် အခြေအနေကိုတော့ ကြေညာလိုက်ရတယ်လို့ လေကြောင်းလိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။

လေယာဉ်ဝန်ထမ်းတွေက လော့ကလေ ကို ချုပ်နှောင်ခဲ့ကြပြီး ဘာလီလေဆိပ်မှာလည်း အရေးပေါ်အခြေအနေ တပ်လှန့်ခဲ့ရပါတယ်။ လော့ကလေဟာ ပုံမှန်တော့ မဟုတ်ဘူးလို့ လေယာဉ်မယ်တဦးက ပြောဆိုခဲ့တာကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု ရှိမရှိ စစ်ဆေးမယ်လို့ ဘာလီရဲဌာနက ပြောဆိုပါတယ်။

ခရီးသည် ၁၃၇ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦးတို့ကတော့ ထိခိုက်မှုမရှိပါဘူး။ လေကြောင်းလိုင်းမှာ သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးလေကြောင်းလိုင်းဖြစ်ပါတယ်။

အခုလိုကာလမျိုးမှာ သြစတြေးလျလူငယ်လူရွယ်တွေဟာ အင်ဒိုနီးယားနိုင်ငံ ဘာလီကျွန်းကို အပန်းဖြေခရီး အများအပြားလာရောက်ကြတယ်လို့လည်း ဆိုပါတယ်။

DVB Burmese