အဆင့် ၄ နေရာနှင့် အက်ဖ်အေဖလားကို အာဆင်နယ် ရယူနိုင်ကြောင်း ဝင်းဂါး ဆို

ပို့စ်တင်ချိန် - 4/15/2014 12:40:00 PM


အာဆင်နယ်အသင်း အနေဖြင့် အဲဗာတန်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းတွင် ရပ်တည်နိုင်ပြီး အက်ဖ်အေဖလားကို ရယူနိုင်ကြောင်း အာစင်ဝင်းဂါးက သုံးသပ် ပြောကြားလိုက်သည်။


အာဆင်နယ်သည် စနေနေ့က ဝီဂန်ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ဝင်ဘလေကွင်းတွင် ဟူးလ်စီးတီးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့အပြင် ပရီးမီးယားလိဂ်တွင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့် ၄ မှ အဲဗာတန်အသင်းနှင့် ၂ မှတ်ကွာဟလျက် ရှိသည်။

အင်္ဂါနေ့တွင် ဝက်စ်ဟမ်းနှင့် ကစားရမည့် ပွဲစဉ်မတိုင်မီ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အာစင်ဝင်းဂါးက အသင်း ပရိသတ်များ၏ ဝင်ဘလေကွင်းအတွင်း အားပေးမှုများအပေါ် ချီးကျူးခဲ့ပြီး ရာသီကုန်တွင် မျှော်မှန်းထားသည့် အဆင့် ၄ နေရာ၌ ရပ်တည်နိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

“စနေနေ့က အသင်းရဲ့ ခြေစွမ်း ဆိုးရွားနေချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုက အံ့အားသင့်စရာပါ။ ကျွန်တော်တို့က ပရိသတ်တွေကို အသင်းရဲ့ အနောက်မှာ ရှိနေစေချင်တာပါ။ တကယ်တမ်းလည်း သူတို့ဟာ အသင်းကို အားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရာသီကုန်မှာ ရည်မှန်းထားတဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့ဟာ အက်ဖ်အေဖလားကိုလည်း ရယူနိုင်ပါလိမ့်မယ်” ဟု ဝင်းဂါးက ဆိုခဲ့သည်။

အာဆင်နယ်သည် မေလ ၁၇ ရက်တွင် ဝင်ဘလေကွင်း၌ ဟူးလ်စီးတီးနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

soccermyanmar