ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ သားနှင့်ဇနီး ပိုင်ဆိုင်သည့် တရားမဝင်သစ်များကို ဝင်ရောက်ဖမ်းဆီး

ပို့စ်တင်ချိန် - 4/04/2014 04:41:00 PM


သီပေါ၊ ဧပြီ ၄။

ရှမ်းပြည်နယ်၊ သီပေါမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၏ သားနှင့်ဇနီးတို့ လုပ်ကိုင်နေသည့် သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်၊ ရုံးလမ်းကြားခြံဝိုင်းမှ တရားမဝင်သစ်များကို သတင်းပေးတိုင်ကြားမှုကြောင့် သစ်တောအဖွဲ့က ဧပြီ ၂ ရက်၊ နံနက် ၁ဝ နာရီအချိန်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

”သစ်တောကို ပန်းတိမ်တောင်ရပ်ကွက်ရုံးနားက အိမ်နဲ့ ရုံးလမ်းကြားထဲကခြံဝင်း (၂)နေရာကို သွားပြီး တိုင်တဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ် အိမ်ကို လွှတ်ပြီး သူ့သားရဲ့ ခြံကို ဝင်ပြီးဖမ်းတယ်၊ ညကြတော့ အိမ်ကနေသစ်တွေကို သရီးကယောင်းယာဉ်နဲ့ တိုက်ထုတ်သွားတယ်လို့ တွေ့တဲ့သူတွေက လာပြောကြတယ်။ အခုဖမ်းမိတာကကြတော့ ဦးရဲထွန်းသားနဲ့ မိန်းမလုပ်ကိုင်နေတဲ့ ပရိဘောဂလုပ်ငန်းနဲ့ သစ်ခွဲစက် ရှိတဲ့ ခြံကနေ မိတာ” ဟု သွားရောက်တိုင်တန်းသူ သီပေါဒေသခံ ဦးဒေါ်လာကပြောသည်။

ဖမ်းဆီးရမိသော သစ်အရေအတွက်မှာ ဒေသခံများ၏ခန့်မှန်းချက်အရ (၁ဝ)တန်ကျော်ဟု ဆိုသော်လည်း ကျောက်မဲခရိုင်သစ်တောဦးစီးဌာန ဦးစီးမှူးအား မေးမြန်းရာတွင် သတင်းထုတ်ပြန်ပေးနိုင်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းအား မေးမြန်းရာတွင် ဖမ်းဆီးရမိသော သစ်စက်နှင့် ခြံဝင်းမှာ ၎င်း၏ဇနီးနှင့် သားဖြစ်သူ စိုင်းဝဏ္ဏထွန်းတို့ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ ဒေသအတွင်း သစ်လုပ်ငန်းလုပ်ကိုင်နေသူအများစုမှာ လိုင်စင်လျှောက်၍ အစိုးရမှ ချပေးသော သစ်ကို ဝယ်ယူအသုံးပြုရမည်ဖြစ်ရာ အစိုးရမှ ချပေးသော သစ်မှာ ဒေသအတွင်း လုံလောက်မှုမရှိသဖြင့် ဒေသခံအချို့တွင် မှောင်ခိုဈေးကွက်များနှင့် တောတွင်းမှ တရားမဝင် သစ်ခုတ်သူများထံမှ ဝယ်ယူရလေ့ရှိကြောင်း၊ ဖမ်းဆီးရမိသော သစ်အရောင်းအဝယ်ကိစ္စများကို ၄င်းအနေနှင့် မသိရှိရကြောင်းပြန်လည်ပြောကြားသည်။

အဆိုပါလွှတ်တော် ကိုယ်စားလှယ်မှာ သီပေါမြို့ ပရိဘောဂလုပ်ငန်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age