မြန်မာနိုင်ငံ၌ Data Center နှစ်ခု တည်ဆောက်သွားမည်ဟု Telenor ပြောဆို

ပို့စ်တင်ချိန် - 4/29/2014 12:44:00 PM


ဆက်သွယ်ရေး အော်ပရေတာတစ်ခု လည်ပတ်နိုင်ရန် အဓိကကျသည့် Data Center ကိုမြန်မာနိုင်ငံ၌ နှစ်ခုတည်ဆောက်သွားမည် ဖြစ်ကြောင်း Telenor Myanmar ကထုတ်ပြန်ပြောဆိုခဲ့သည်။

၎င်းတို့သည် ရန်ကုန်မြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် Data Center ကိုယခုလ ၇ ရက်နေ့က မီဒီယာများနှင့် မိတ်ဆက်ပြသခဲ့ပြီး ဒုတိယမြောက် Data Center ကိုမန္တလေးမြို့၌ လာမည့်တစ်လအကြာ ကာလအတွင်း တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့သည်။

Telenor Myanmar ၏အဆိုအရ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့သည့် Data Center သည်ကမ္ဘာ၌ Telenor တည်ဆောက်ခဲ့သည့် Data Center များအနက် အကြီးမားဆုံးသော Data Center ဖြစ်သည်ဟုဆိုသည်။ ထို့အပြင် ဒီဇိုင်းပုံစံအသစ်ဖြင့် နှစ်လအတွင်းလုပ်ကိုင်ခဲ့ခြင်းကြောင့် အမြန်ဆုံးတည်ဆောက်နိုင်ခဲ့သည့် Data Center ဖြစ်ကြောင်းလည်းသိရသည်။

Telenor သည် မိုဘိုင်းဖုန်းလိုင်း ၁၀ သန်းမှစတင်၍ အကန့်အသတ်မရှိသော မိုဘိုင်းဖုန်းလိုင်းများကို တည်ဆောက်ပြီးစီးခဲ့သည့် Data Center မှထိန်းချုပ်ထားနိုင်ကြောင်း မီဒီယာများကို ပြောဆိုခဲ့သည်။ စက်တင်ဘာလအတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ကို တစ်ပြိုင်တည်း စတင်ရောင်းချပေးမည်ဟု ပြောဆိုခဲ့သည့် Telenor သည် တစ်နှစ်တာကာလအတွင်း တာဝါတိုင်ပေါင်း ၂၄၀၀ ကိုလည်း တည်ဆောက်သွားမည်ဟု ဆိုသည်။

လက်ရှိအချိန်၌ တည်ဆောက်ပြီးစီးခဲ့သည့် တာဝါတိုင်ဧရိယာများအတွင်း အသံစနစ်နှင့် အင်တာနက်စနစ်များကို လျင်လျင်မြန်မြန်စမ်းသပ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Telenor က လက်တွေ့စမ်းသပ်

ပြသခဲ့သည်။ ၎င်း၏ Core Network ကို Huawei ကတည်ဆောက် ပေးထားခြင်းဖြစ်ပြီး စက်ပိုင်းဆိုင်ရာများကို Ericsson နှင့် Wipro တို့ကဖြည့်ဆည်း ပေးထားသည်ဟု သိရသည်။

ထို့အပြင် Apollo Towers နှင့် Irrawaddy Green Technology တို့သည် Telenor ၏တာဝါတိုင်တည်ဆောက်ခြင်းကို လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ Telenor ၏အဓိကပြိုင်ဘက်ဖြစ်သည့် Ooredoo သည် ၎င်း၏မိုဘိုင်းဖုန်း ကွန်ရက်အတွင်း အသံပေးပို့ခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းကို အောင်မြင်စွာစမ်းသပ် နိုင်ခဲ့သည်ဟု မတ်လပထမ အပတ်ကကြေညာခဲ့သည်။

Internet Journal