မြန်မာနိုင်ငံအပေါ် EU ၏ လက်နက်ကုန်သွယ်ရေး ပိတ်ထားမှု သက်တမ်းထပ်တိုး

ပို့စ်တင်ချိန် - 4/19/2014 05:14:00 PM


ရန်ကုန်၊ ဧပြီ ၁၈

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ဒဏ်ခတ်ခြင်းကို လာမည့် ၂၀၁၅ ခုနှစ် ဧပြီလအထိ သက်တမ်းထပ်တိုးရန် ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့က ဥရောပသမဂ္ဂ ကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း EU က ထုတ်ပြန်သည်။

လူဇင်ဘတ် နိုင်ငံတွင် ကျင်းပသော ဥရောပသမဂ္ဂ ကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံအရေး အပါအဝင် ယူကရိန်းနိုင်ငံ၊ တူနီးရှားနိုင်ငံများ အကြောင်းလည်း ဆွေးနွေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် ဥရောပသမဂ္ဂ ပိတ်ဆို့ အရေးယူမှုများ အဆင့်ဆင့် ဖြေလျှော့ ပေးခဲ့ရာမှ နောက်ဆုံး ကျန်ရှိသော လက်နက် ကုန်သွယ်ရောင်းဝယ်ခွင့်နှင့် ပြည်သူများအား ဖိနှိပ်မှုတွင် သုံးစွဲနိုင်သော ကိရိယာ တန်ဆာပလာများ ကုန်သွယ်ခွင့်ကို လာမည့်နှစ် ဧပြီလကုန်အထိ ပိတ်ပင်သွားရန် တက်ရောက်သူ ဥရောပသမဂ္ဂဝင် ကိုယ်စားလှယ်များက သဘောတူညီ ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ကဏ္ဍအလိုက် ကုန်သွယ်မှု ပိတ်ဆို့ရေး ပြန်လည် ဖွင့်လှစ်ရန် နှစ်စဉ် နိုင်ငံတကာရေးရာ ကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုလေ့ ရှိသည်။ ဥရောပသမဂ္ဂ (EU) နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ပြန်လည် စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ များကိုလည်း ပြန်လည် ထောက်ပံ့ ပေးခဲ့ကြောင်း ဥရောပသမဂ္ဂ ကောင်စီထံမှ စုံစမ်းသိရှိရသည်။ ယင်းအပြင် EU အဖွဲ့ဝင်နိုင်ငံများ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့် (GDP) ကို ၂၀၁၃ ခုနှစ် ဇွန်လက တရားဝင် ပေးအပ်ခဲ့သည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းပေးရန် နိုင်ငံတော်သမ္မတ၏ ယခင် ဥရောပနိုင်ငံများ ခရီးစဉ်တိုင်းတွင် တောင်းဆိုခဲ့သော်လည်း လက်ရှိ အချိန်အထိ လက်နက်ရောင်းဝယ် ကုန်သွယ်ခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်သည်။

The Voice Weekly