တရားလွန် တွတ်ထိုးမှု၊ Facebook သုံးစွဲမှုတို့ ရည်းစား၊ လင်မယားကွဲပြဲမှုနှင့် ဆက်နွယ်မှုရှိ

ပို့စ်တင်ချိန် - 4/10/2014 12:37:00 PM



တန်ဆေး လွန်ဘေးဆိုတဲ့ စကားပုံဟာ အစားအသောက် သက်သက်ကိုသာ ရည်ညွှန်းပြောဆိုလိုတာ မဟုတ် ပါဘူး။ မည်သည့်အရာကိုမဆို အတိုင်းအတာကို သိပြီး တန်ရုံ သင့်ရုံ ကြံစည်၊ ပြုမူ၊ လုပ်ကိုင်၊ ပြောဆိုရန်၊  ရည် ညွှန်းချင် ဆိုလိုချင်တာဖြစ်ပါတယ်။ ပမာထားယူ ထို့အတူပဲ ယနေ့ နည်းပညာခေတ်ကြီးမှာ နည်းပညာနဲ့ပတ်သက် တဲ့ အသုံးအဆောင်၊ ကိရိယာတွေကို အရူးအမူး ဖြစ်နေပြီး အလွန်အကျွံ အသုံးပြုတဲ့အခါ ကောင်းကျိုးမများ ဆိုးကျိုး ပွားများဖို့သာ ရှိပါတယ်။ ဒီအချက်ကို အမေရိကန် ပြည်ထောင်စု၊ Missouri တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပါရဂူဘွဲ့ကြို ကျောင်းသား Russell Clayton ရဲ့ စစ်တမ်းနဲ့ သာဓက ပြပါရစေ။

Russell Clayton ရဲ့ စစ်တမ်းအရ သူဟာ အသက် ၁၆ နှစ်မှ ၆၇ နှစ် အကြားရှိ တွတ်ထိုးသူ (Twitter သုံးစွဲသူ) ၅၁၄ ယောက်ကို သူတို့ရဲ့ သုံးစွဲမှုနဲ့ ပတ်သက်တဲ့ စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စစ်တမ်းပါ အချက်တွေကတော့ သင် မကြာခဏ Log in လုပ်ပါသလား၊ အခြား တွတ်ထိုးမှုတွေကိုရော ကြည့်ဖြစ်ပါသလား၊ စာတိုတွေကိုရော တိုက်ရိုက် ပို့ဖြစ်ပါသလား၊ နောက်လိုက် (followers) တွေကိုရော စာပြန်ပါသလား စတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ ဒီ့အပြင် သင်ဟာ အရင်အဆက်ဟောင်းနဲ့ ပြန်ဆက်သွယ်နေပါသလား၊ သင့်ရဲ့ အဆက်ဟောင်း ဒါမှမဟုတ် လက်ရှိ ရည်းစားနဲ့ သင်တို့ နှစ်ဦး Facebook သို့မဟုတ် Twitter အသုံးပြုမှုကြောင့် အရင်က ကတောက် ကဆ ဖြစ်ခဲ့ဖူး၊ ဖြစ်နေပါသလား စတဲ့ မေးခွန်းတွေပါတဲ့ စစ်တမ်းတစ်ခုကောက်ပြီးတဲ့နောက် မှာတော့ Russell က ရည်းစားနဲ့ ကွဲပြဲမှု၊ ဖောက်လွဲဖောက်ပြန်ဖြစ်မှု၊ လင်မယား ကွာရှင်းပြတ်စဲမှု တို့ဟာ တွတ်ထိုးမှုနဲ့ ပတ်သက် ဆက်နွယ်နေကြောင်း ကောက်ချက်ချလိုက်ပါတယ်။


Russell ဟာ အရင်ကလည်း စိတ်ပညာနဲ့ ပတ်သက်တဲ့ မဟာတန်းအတွက် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဆောင် ရွက်ခဲ့စဉ်က Facebook သုံးစွဲမှုကြောင့် စုံတွဲနှစ်ဦး ကတောက်ကဆ ဖြစ်တဲ့ ဖြစ်စဉ်နဲ့ တွေ့ကြုံ ပြီး အကြံပေးခဲ့ရာ က လူသားတို့ရဲ့ စိတ်နေစိတ်ထားကို ဆိုရှယ်မီဒီယာက မည်သို့မည်ပုံ ပြောင်းလဲ ဖန်တီးပေးနေသလဲ ဆိုတာကို စိတ်ဝင်စားလာတာမို့ Facebook သုံးစွဲသူစစ်တမ်းတစ်ခု ကောက်ယူခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ယခုလို ပဲ ကောက်ချက်ချ မှုမျိုး ပြုခဲ့ဖူးပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ စာရေးသူရဲ့ Facebook သုံးစွဲမှု နဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ အတွေ့ အကြုံလေးကို ပြောပြပါရစေ။ စာရေးသူရဲ့ ချစ်သူ (ယခု အိမ်သူ) နဲ့ စာရေးသူ တို့ဟာ Facebook သုံးစွဲမှုနဲ့ ပတ် သက်ပြီး ယခင်က မကြာခဏ ကတောက်ကဆ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ စာရေးသူတို့ရဲ့ ထုံးစံအတိုင်း အွန်လိုင်း နဲ့ Facebook ပေါ်မှာ စာရေးဖို့အတွက် ကုန်ကြမ်း ရှာနေတတ်တာကို မိန်းကလေးတို့ သဘာဝအတိုင်း သဝန်တိုတတ်ပါတယ်။ ဒါကြောင့်လည်း သူငယ်ချင်းအဖြစ်လာထည့်တဲ့ မိန်းကလေး Friend Request တွေကို လက်ခံတာ မမြင်လိုပါဘူးတဲ့။ စာရေးသူ အွန်လိုင်းသတင်း ဌာနတွေပေါ်မှာ ဘယ်လောက်ကြာကြာ အချိန်ကုန် ဖတ်ရှုလင့်ကစား ဘာမျှ ဝင်မပြောရှာပေမယ့်၊ Facebook ဝင်မိပြီဆိုတာနဲ့တစ်ပြိုင်နက် အမြင်မကြည်မလင် ဖြစ် လာတတ်ပါတယ်။ ဒါဘာကြောင့်ပါလဲ။ ရှင်းပါတယ်။ Facebook ဆိုတဲ့ ဆိုရှယ်မီဒီယာဝဲထဲ ခြေချမိတာနဲ့ တစ်မု ဟုတ်ချင်း အရှုပ်အရှင်းတွေ ဖြတ်လာနိုင်တယ်လို့ ထင်မြင် ယူဆထားလို့ပဲ ဖြစ်ပါတယ်။
ယခု ဆောင်းပါးပါ Russell Clayton ရဲ့ စစ်တမ်းကို အခြေအမြစ်မရှိဘူး၊ မဟုတ်နိုင်ပါဘူးလို့ စောဒက တက်လို သူများ ဒုနဲ့ဒေး ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် စစ်တမ်းဟာ စစ်တမ်းဖြစ်တာမို့ ယုံပါ၊ မယုံပါနဲ့ လို့တော့ မပြော လိုပါဘူး။ အထက်မှာ ပြောခဲ့သလို တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း ဆိုရှယ်မီဒီယာဆိုတာ တန်ရုံသုံးရင်တော့ အသုံးဝင် အကျိုးများပြီး၊ တရားလွန် အရူးအမူးသုံးမိရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာတော့ အမှန်ပါပဲ။ သုံးစွဲသူရဲ့ ရူးသွပ်ပုံ အနည်းအများ အပေါ်မူတည်ပြီး ဆိုရှယ်မီဒီယာ လောကဓံရဲ့ ကျောနှံမှုကို အနည်းနဲ့ အများ ကတော့ ခံရပါလိမ့်မယ်။ ဒီလိုကျောနှံမခံ ရလေအောင်၊ သဘောဉာဏ်မှာ ဘဝင်ကျလေအောင်လို့ “အပမာဒေန သမ္ပာဒေထ” ဆိုတဲ့အတိုင်း မမေ့မလျော့ မပေါ့ဆတဲ့ သတိတရားနဲ့ ပြည့်စုံနိုင်ကြပြီး ဆိုရှယ်မီဒီယာရဲ့ မာယာကြော့ကွင်းထဲမှ လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။
-
TZ (MCG)
myanmar consumer