ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိကြောင်း MDCF အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆို

ပို့စ်တင်ချိန် - 4/08/2014 08:19:00 PM


(MDCF အဖွဲ့မှ ကိုထင်ကျော် အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေနေစဉ် (ဓာတ်ပုံ-ကြည်နိုင်))

ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည့် အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ- ၁၈ ဖြင့် တရားစွဲဆို ထားသဖြင့် ရုံးချိန်းလာရောက်ရာမှ ယင်းကဲ့သို့ စာရွက်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြန့်ဝေတောင်းဆိုရခြင်း အကြောင်းမှာ လက်ရှိပြည်ထောင်စု အစိုးရလက်ထက်တွင် ပြည်သူများမှာ ဆင်းရဲသည်ထက် ပိုဆင်းရဲလာပြီး တရားရေးမဏ္ဍိုင်၏ ယိမ်းယိုင်မှုများ၊ အာဏာပိုင်များ၏ ဥပဒေ လက်တစ်လုံးခြား ပြုလုပ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသေးဖြင့် အစိုးရကို နုတ်ထွက်ပေးရန် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုရခြင်း ဖြစ်သည်ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော်က ဆိုသည်။

၎င်းက "တိုင်းပြည်က ငတ်နေပြီ။ တရားစီရင်ရေး စနစ်တွေကလည်း ယိုင်နဲ့နေပြီ။ ခရိုနီတွေက အစိုးရရဲ့ ကာကွယ်မှုကို ရနေတယ်။ တရားသူကြီးတွေကလည်း လာဘ်စားနေတယ်။ လျှပ်စစ်မီတာခတွေ တက်လိုက်တဲ့အတွက် ကုန်ဈေးနှုန်း တက်လာတယ်" ဟု အနောက်ပိုင်းခရိုင် တရားရုံးအနီးတွင် ကြွေးကြော်ကာ စာရွက်များ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ယင်းစာရွက်တွင် အခြေခံလူတန်းစားများ၏ ဘ၀နှင့် ၀င်ငွေကို လေ့လာခြင်းမရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်သည် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အလုပ်လက်မဲ့များနေသော ပြည်သူများ ငတ်နေကြောင်း စသည့်အကြောင်းအရာများ ပါဝင်သည်။


Eleven Media Group