NGO ရုံးတွေကိုအကြမ်းဖက်တာ လှုံ့ဆော်တဲ့အဖွဲ့ရှိတယ်လို့ ဗိုလ်ချုပ်မောင်မောင်အုန်းပြော

ပို့စ်တင်ချိန် - 4/10/2014 04:36:00 PM


စစ်တွေမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးရုံးတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာဟာ မမှန်မကန် စည်းရုံးလှုံ့ဆော်ခဲ့တဲ့အဖွဲ့ရဲ့ ပယောဂကြောင့်ဖြစ်တယ်လို့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌက ပြောလိုက်ပါပြီ။ ဘယ်အဖွဲ့က ဘယ်သူတွေက ဒီလိုလှုံ့ဆော်ခဲ့တာလဲ။

စစ်တွေဒေသခံ ၁၂ယောက်ကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေပြီး Malteser International အဖွဲ့က အမေရိကန်နိုင်ငံသူဟာ သာသနာ့အလံကို ဖယ်ရှားပြီး မဖွယ်မရာလုပ်တယ်လို့ မမှန်မကန် ဝါဒဖြန့်သွေးထိုးလှုံ့ဆော်တဲ့အဖွဲ့ကိုတော့ အခုထိ မစုံစမ်း မဖော်ထုတ်နိုင်သေးဘူးလို့ ဗိုလ်ချုပ် မောင်မောင်အုန်းက ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားတွေဟာ ရိုးသားပေးမယ့် ဥပဒေနဲ့အညီနေထိုင်ဖို့လိုတဲ့အကြောင်း၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်ခိုက်လိုတာထက် ဝန်ထမ်းအချို့ရဲ့ဆောင်ရွက်ချက်ကို မကျေနပ်တဲ့ စိတ်ခံစားချက်ကနေ ဒီအကြမ်းဖက်တဲ့အထိ ဖြစ်ခဲ့ရတာလို့ ဧပြီ ၉ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။

ဒီလို ပဋိပက္ခမဖြစ်ဖို့ အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးဌာန ECC ကို ပြည်နယ်အဆင့်ဖွဲ့လိုက်ပြီး ရခိုင်ပြည်နယ်ကို နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ အမြန်ဆုံးလုပ်သွားမယ်လို့ ဆိုပါတယ်။ စစ်တွေပဋိပက္ခ ပြစ်မှုကျူးလွန်သူနဲ့ ပြည်နယ်အစိုးရရဲ့ အားနည်းချက်ရှိသလို ဒေသခံလူထုကိုယ်တိုင်က ပူးပေါင်းဖြေရှင်းမှု အားနည်းတယ်လို့ အပြစ်တင်ခဲ့ပါတယ်။

ဒီလိုပဋိပက္ခတွေဖြစ်နေရင် တိုင်းပြည်ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူးလို့ ဗိုလ်ချုပ်မောင်မောင်အုန်းက သတိပေးလိုက်ပြီး တိုင်းပြည်နဲ့ တိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှုတွေကို ဒေသခံတွေ နားမလည်တဲ့အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းနဲ့ ရခိုင်လူထုနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလိုပြီး နားလည်မှုလွဲတာတွေကို ဖြေရှင်းလိုတယ်လို့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးက ဆိုပါတယ်။

Kamayut Media