Pregnancy (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း

ပို့စ်တင်ချိန် - 4/06/2014 09:58:00 AM


(၁) ဆရာ သမီးက့ မှာ အလုပ်လုပ်နေပါတယ်။ ခု ရာသီမလာတာ ၂ လနီးပါး ရှိပြီဖြစ်လို့ ဒီကဆေးခန်းတစ်ခုမှာ သွားပြပြီး သွေးစစ်ခိုင်းလို့ စစ်ကြည့်တဲ့အခါ ဆရာဝန်က ဟိုမုန်းအားနည်းနေလို့ ရှိ မရှိ မပြောသေးဘူးလို့ ပြောပါတယ်။ ဟိုမုန်းပမာဏက Beta HCG 10 ပဲရှိတယ်လို့ပြောပါတယ်။ အဲဒါ နောက်သုံးရက်နေရင် သွေးထပ်စစ်ကြည့်ပြီးမှ အဖြေသိနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီ ဟိုမုန်းအားနည်းမှုဟာ တကယ်လို့ ကလေးရှိခဲ့ရင် ဘယ်လို အကျိုးသက်ရောက်နိုင်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ် ဆရာ။
(၂) အခု အဲဒီလို (ကိုယ်ဝန်ပျက်ဆေးသောက်ပြီး) သွေးဆင်း ပြီးသွားမှ အဖြူတွေ တအားဆင်းနေတော့ ကြောက်တာလည်း ပါတယ်။ နောက်ပြီး တစ်ခါတစ်ခါ ပျို့အန်ချင်သလိုဖြစ်တော့ စိတ်က မပြီးသေးဘူး ထင်နေပါတယ်။ ဆီးစစ်ကြည့်တော့ အဲဒီ Result တွေ့တော့ ပိုပြီး စိတ်ထဲ ထင့်နေပါတယ်။ ဖြစ်နိုင်ရင် ဘယ်အချိန်လောက် ပြန်စစ်ကြည့်ရင် Result အမှန် သိရမလဲ။ အခုထိ အဖြူဆင်းနေတာ ဘာလုပ်ရမလဲဆရာ။

ကိုယ်ဝန် ရှိ-မရှိ သိချင်ရင် ဆေးဆိုင်ကနေ Urine pregnancy test ဆေးဘူးလေးတခု ဝယ်ပြီး အလွယ်လေး စစ်နိုင်ပါတယ်။ ဆရာဝန်-ဆရာမ မလိုကြဘူး။ အမှန်က ဆီးထဲမှာ Human Chorionic Gonadotropin (hCG) ခေါ်တဲ့ ဟော်မုန်း ရှိ-မရှိကို စစ်တာ ဖြစ်တယ်။ ကိုယ်ဝန်ရှိလို့ ဖြစ်လာတဲ့ အချင်းကနေ HCG ဟော်မုန်းကို ထုတ်ပေးနေတယ်။ ဆီးကို စစ်ရင် မနက်ခင်းဆီးက အမှန်ဆုံးဖြစ်တယ်။ ဒါမှမဟုတ် ဆီးကို ၄ နာရီ အောင့်ထားပြီးမှ သွားရတယ်။

သွေးကို စစ်တာလဲ ရှိတယ်။ တချို့စစ်နည်းက ဟော်မုန်း ရှိ-မရှိကိုသာ စစ်ပြီး တချို့စစ်နည်းတွေက အတိအကျ သွေးထဲမှာ (hCG) ဘယ်လောက် ရှိနေတယ်အထိ စစ်ရတယ်။ အထဲကကလေးမှာ ချို့ယွင်းချက် ပါ-မပါကို သိနိုင်တယ်။ ကင်ဆာတချို့ ကနေလဲ များစေတယ်။ ဥပမာ Germ cell tumors မျိုး။ ယောက်ျားတွေမှာ ကျား-အစေ့ ကင်ဆာ ဖြစ်နေရင် တွေ့မယ်။ Molar pregnancy ဆိုတဲ့ စပျစ်သီး-ကိုယ်ဝန်ဆိုလဲ အပေါင်းပြမယ်။ Choriocarcinoma ခေါ်တဲ့ သားအိမ်-ကင်ဆာ ရှိနေရင်လဲ တွေ့မယ်။

မ-မျိုးဥ နဲ့ ကျား-သုက်ပိုးတွေ ထိတွေ့-ပေါင်းစပ်ပြီးနောက် မျိုးစပ်ပြီးသားမျိုးဥဟာ ၉ ရက်အကြာမှာ သားအိမ်ပြွန် ကနေတဆင့် သားအိမ်ထဲဝင်လာပြီး သားအိမ်အတွင်းနံရံကို တွယ်ကပ်တယ်။ အဲဒီနောက်မှာ အချင်းဆိုတာ ဖြစ်လာတယ်။ အချင်းကနေ hCG ကို ထုတ်ပေးတော့မယ်။ သွေးထဲမှာ ပါနေတော့မယ်။ ဆီးထဲမှာလဲ ပါနေတော့မယ်။ မျိုးဥက သားအိမ် အတွင်းနံရံကို လာတွယ်အပြီး ၆ ရက်ကြာရင် စစ်တော့တွေ့မယ်။

ကိုယ်ဝန် ၈၅% မှာ hCG levels က ၄၈-၇၂ နာရီတိုင်း ၂ ဆတိုးလာတယ်။ ၆-၁၁ ပါတ်မှာ အများဆုံး။ ကိုယ်ဝန် ၁၄ ပါတ်ကနေ ၁၆ ပါတ်အထိ ဟော်မုန်းက တက်တက်လာတယ်။ တဖြေးဖြေး ကျလာတယ်။ မွေးပြီး မကြာခင် စမ်းလို့ မတွေ့နိုင်တော့ဘူး။

ကလေးရဲ့ မွေးရာပါချို့ယွင်းချက်ရှိ သိချင်ရင် ၁၅-၂ဝ ပါတ်မှာ အများဆုံး စစ်တယ်။ (၁) Triple screen ၃ မျိုးစစ်နည်းမှာ Alpha-fetoprotein (AFP), Human chorionic gonadotropin (hCG) နဲ့ Unconjugated estriol (uE3) တွေကို စစ်တယ်။ (၂) Quad screen ၄ မျိုးစစ်နည်းမှာ Hormone inhibin A ကိုပါစစ်တယ်။ မိခင်လောင်းရဲ့ အသက်နဲ့ တခြားအချက်တွေကိုပါ ကြည့်ပြီး ကလေးမှာ ချို့ယွင်းချက် ရှိနေတာကို ဆုံးဖြတ်ရတယ်။

ကိုယ်ဝန် ပဌမ ၃ လမှာ Ultrasound ရိုက်ပြီး Nuchal translucency ကလေးရဲ့ ဂုတ်ပိုးက အရေပြားအထူကို တိုင်းတာရယ် Pregnancy-associated plasma protein A စစ်တာရယ် hCG အနည်း-အများရယ် ပေါင်းပြီး ကလေးမှာ Down syndrome (ဒေါင်းန်-ဆင်ဒရုမ်း) ဥာဏ်မမှီရောဂါ ရှိနေတာကို သိတယ်။

သွေးထဲက (hCG) ဟော်မုန်း ပုံမှန် ကိန်းဂဏန်းတွေက ဓါတ်ခွဲခန်းတခုနဲ့တခု သုံးတာမတူဘူး။ ကိုယ်ဝန်ဆောင်နေသူ နောက်ဆုံး ရာသီလာပြီးနောက်
၃ ပါတ်မှာ = 5-50 IU/L
၎ ပါတ်မှာ = 50-500 IU/L (5 - 426 mIU/ml)
၅ ပါတ်မှာ = 100-10,000 IU/L (18 - 7,340 mIU/ml)
၆ ပါတ်မှာ = 1080-30,000 IU/L (1,080 - 56,500 mIU/ml)
၇-၈ ပါတ်မှာ = 7, 650 - 229,000 mIU/ml
၈-၁ဝ ပါတ်မှာ = 3500-115,000 IU/L
၉-၁၂ ပါတ်မှာ = 25,700 - 288,000 mIU/ml
၁၃-၁၆ ပါတ်မှာ = 13,300 - 254,000 mIU/ml
၁၄ ပါတ်မှာ = 12,000-270,000 IU/L
၁၅-၁၈ ပါတ်မှာ = Up to 200,000 IU/L
၁၇-၂၄ ပါတ်မှာ = 4,060 - 165,400 mIU/ml
၂၅-၄ဝ ပါတ်မှာ = 3,640 - 117,000 mIU/ml

များနေရင် အမွှာကိုယ်ဝန်၊ စပျစ်သီးကိုယ်ဝန်၊ (ဒေါင်းန်-ဆင်ဒရုမ်း) တွေကို စဉ်းစားရမယ်။ နောက်ဆုံးရာသီလာရက် တွက်မှားတာလဲ ချန်မထားသင့်ဘူး။ ယောက်ျားတွေနဲ့ ကိုယ်ဝန်မရှိတဲ့ မိန်းမတွေမှာ များနေရင် ကျား-အစိ ဒါမှမဟုတ် မ-မျိုးဥက ကင်ဆာတွေကို စဉ်းစားရမယ်။ အစာအိမ်၊ သရက်ရွက်၊ အူမကြီး အသဲ နဲ့ အဆုပ် ကင်ဆာတွေမှာလဲ များနေတယ်။

နည်းနေရင် သားအိမ်ပြင်ပ ကိုယ်ဝန် နဲ့ ကလေးသေနေတာတွေကို စဉ်းစားရမယ်။ ရာသီမလာတဲ့ရက်အတွက် လွဲတာလဲ မမေ့ရဘူး။

စစ်တဲ့အခါ သတိထားရမှာတွေ ရှိတယ်။ ကိုယ်ဝန်ပျက်သွားတာနဲ့ ကိုယ်ဝန်ဖျက်တာ ဖြစ်ပြီးရင် ၄ ပါတ်အထိ အပေါင်းပြနေမယ်။ ကလေးမရနိုင်သေးတာကို ကုသဘို့ရာ Injection of hCG ထိုးပေးထားရင် များနေမယ်။ ဆီးထဲမှာ သွေးပါနေရင်၊ ဆပ်ပြာပါနေရင် အမှန်မရနိုင်ဘူး။ Diuretics, Promethazine, Heparin, Ambien, Prochlorperazine, Promethazine ဆေးတွေကနေ အဖြေမှားစေနိုင်တယ်။

- မ-မျိုးဥနဲ့ ကျား-သုက်ပိုး ပေါင်းစပ်အပြီး သွေးကိုစစ်ရင် အစောဆုံး ၁၁ ရက် နဲ့ ဆီးကိုစစ်ရင် အစောဆုံး ၁၂-၁၄ ရက်မှာ သိနိုင်တယ်။
- ကိုယ်ဝန်နုချိန် ၅-၆ ပါတ်မှာ hCG numbers အရေအတွက်ထက် Ultrasound က ပိုမှန်တယ်။
- သွေးထဲမှာ 5mIU/ml ထက်နည်းရင် ကိုယ်ဝန်မဟုတ်နိုင်ဘူး။ 25mIU/ml များမှသာ ကိုယ်ဝန်။
- 1,000 - 2,000mIU/ml ရှိလာမှသာ Transvaginal ultrasound မွေးလမ်းကြောင်း (အာလ်ထွာဆောင်း) ရိုက်ရင် အထဲက Gestational sac သန္ဓေအိတ်ကို မြင်ရမယ်။
- တကြိမ်ထဲစစ်တာကို ပိုသေခြာချင်ရင် နောက် ၂-၃ ရက်မှာ တခါထပ်စစ်ရမယ်။

ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ စပျစ်သီး-ကိုယ်ဝန် မဟုတ်တာသိဘို့လဲ သွေးဆက်စစ်နေရတယ်။ ကိုယ်ဝန်ပျက်ပြီးနောက် ဒီဟော်မုန်းဟာ ၄-၆ ပါတ်အထိ ရှိနေနိုင်တယ်။ ကိုယ်ဝန် ပျက်နည်း-ဖျက်နည်းတွေအရ မတူတာဖြစ်တယ်။ ပျက်တဲ့အချိန်မှာ ဟော်မုန်းက ဘယ်လောက်အထိ များနေခဲ့သလဲအပေါ် မူတည်တယ်။

Dr. တင့်ဆွေ
၅-၄-၂ဝ၁၄