Samsung Galaxy S5 ကိုတောင်ကိုရီးယား နိုင်ငံတွင် စတင်ရောင်းချ

ပို့စ်တင်ချိန် - 4/02/2014 06:18:00 PM


Samsung Galaxy S5 ကိုတောင်ကိုရီးယား နိုင်ငံတွင်စတင် ရောင်းချနေပြီဖြစ်ပြီး တရားဝင်ရောင်းချမည့် အချိန်နှစ်ပတ်ထက် စော၍ရောင်းချခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Galaxy S5 စမတ်ဖုန်းများ ရောင်းချခြင်းအပေါ် Samsung ပင်အံ့အားသင့်ခဲ့ရကြောင်း သိရသည်။

S5 ကိုဧပြီလ ၁၁ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး၌ ရောင်းချသွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ ရှိဆိုင်များသို့ ဖုန်းများကိုလွန်ခဲ့သည့် တစ်လခန့်က တင်ပို့ထားသည်။ တောင်ကိုရီးယား ဖုန်းကုမ္ပဏီ SK Telecomonf Galaxy S5 ကိုတောင်ကိုရီးယား နိုင်ငံတွင် ၀မ် ၈၆၆,၈၀၀ ဖြင့်တရားဝင် ထွက်ရှိမည့်ရက်ထက် စော၍ရောင်းချခဲ့သည်။ မိမိတို့အနေဖြင့် ဖြစ်နိုင်သမျှ မြန်မြန်ယခု ထုတ်ကုန်ကို သုံးစွဲသူများထံသို့ ပေးပို့လိုကြောင်း၊ ၎င်းသည်မိမိတို့ သုံးစွဲသူများအတွက် အကောင်းဆုံးဖြစ်ကြောင်း SK Telecom ကပြောကြားသွားခဲ့သည်။

Samsung ကဖုန်းရောင်းချသည့် မိုဘိုင်းကုမ္ပဏီများကို ဈေးကွက်ရှာဖွေခြင်းနှင့် ကြိုတင်ရောင်းချခြင်း အစီအစဉ်များအတွက် ဖုန်းအလုံးရေများကို ကန့်သတ်ထားကြောင်း၊ သို့သော် ကိုရီးယားဈေးကွက်တွင် ထုတ်ကုန်များစောစီးစွာ ရောင်းချသည့် ဆုံးဖြတ်ချက်ကို Samsung မပါဝင်ဘဲ မိုဘိုင်းကုမ္ပဏီကိုယ်တိုင် ဆုံးဖြတ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ၎င်းဆုံးဖြတ်ချက်အပေါ် နောင်တရနေကြောင်းနှင့် မိမိတို့သည် အချက်အလက် အတည်ပြုနိုင်ရန် စစ်ဆေးနေကြောင်း ပြောကြားသွားခဲ့သည်။

-စိုးထက်
Ref: CNET

Internet Journal