Toyota Probox 2NZ-FE VVT-i 1300 cc ကားများမီးလောင်နိုင်သောအကြောင်းရင်းများ...

ပို့စ်တင်ချိန် - 4/24/2014 03:07:00 PM


ပရိုဘောက်ကားစီမံကိန်းကို ၁၉၉၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်အကောင်ဖော်ခဲ့ကာ ပရိုဘောက်ကားများကို ၂၀၀၂ ခုနှစ်တွင် ဂျပန်ဈေးကွက်တွင်စတင်ရောင်းချ အသုံးပြုခဲ့ပြီး...5 Door
Wagon body style နှင့် Commercial Wagon class ကားအမျိုးအစားဖြစ်ပါသည်။ Eigine အမျိုးအစားများမှာ 1NZ-FE VVT-i (1500cc)နှင့် 2NZ-FE VVT-i (1300cc) အမျိုးအစားနှစ်မျိုးရှိပြီး မြန်မာပြည်တွင် ၁၃၀၀အားနှင့် ၁၅၀၀ အားဟုသာ အကြမ်းဖြင်းအားဖြင့် ခွဲခြားခေါ်ဆိုပါသည်။ Succeed မှာပရိုဘောက်၏ နောက်ဆုံမျိုးဆက်ဖြစ်ကာ ၁၅၀၀စီစီ အင်္ဂျင်တစ်မျိုးသာလာပါသည်။
ယခုအကြောင်းအရာသည် ပရိုဘောက် ၁၃၀၀စီစီ ကားများ မီးလောင်နိုင်သောအကြောင်းရင်းများကို အတတ်နိုင်ဆုံးလေ့လာတင်ပြသွားမည် ဖြစ်ပါသောကြောင့်... 2NZ-FE VVT-i (Variable Valve Timing and intelligence system)Engine ၏ VVT-i စနစ် ဖွဲ့စည်းအလုပ်လုပ်ပုံ၊ပရိုဘောက် ၁၃၀၀ တွင်တပ်ဆင်ထားသော ဆီ၊ရေ၊လေ၊မီးစနစ်နှင့် အိတ်ဇောပိုက်(Exhaust Manifold)အကြောင်း၊ အင်းတက်(Intake Manifold) ဖွဲ့စည်းထားပုံ၊ EVAP (Evaporative Emission Control system)စနစ်အလုပ်လုပ်ပုံ၊ CC(Charcoal Canister)ဆီငွေ့သိုလှောင်ဗူး တည်ရှိပုံနှင့် အလုပ်လုပ်ပုံ၊ ရေတိုင်ကီနှင့် Cooling Fan ပန်ကာအကြောင်း၊Water Temperature light ရေအပူချိန်ပြမီး အလုပ်လုပ်ပုံနှင့် ဒိုင်ခွက်အတွင်းတည်ရှိပုံတို့ကို တင်ပြကာ သုံးသပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဒီအကြောင်းအရာကို ကျွန်တော်နှင့် ကျွန်တော်ဆရာများဖြစ်သော ချင်းရိုင်းခရိုင် တွင် တည်ရှိသော ဝပ်ရှော့လုပ်သက်(၄၀) ကျော်၊ ယခု အသက် ၆၀ ကျော်ရှိ ချင်းရိုင်းမှ ဆရာနှင့် အဓိကဆွေးနွေးကာ ဘန်ကောက်ရှိ မော်တော်ယာဉ် နည်းပညာတက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့ကာ ယခု EFI ကားများကိုသာ အဓိကပြုပြင်သော ဝပ်ရှော့ဖွင့်ထားသော ဆရာထံတင်ပြ ဆွေးနွေးပြီး သုံးသပ်ချက်ရယူပါသည်။ကျွန်တော့်ဆရာများမှာ ကားကိုမမောင်းစမ်းကြည့်ရသော်လည်း ပရိုဘောက်ကား အင်္ဂျင်ခန်း၊အတွင်းခန်း၊ ရေအပူချိန်ပြမီးတည်နေရာ ဓါတ်ပုံများစွာဖြင့်ဆွေးနွေးပြီး ကျွန်တော်တစ်ဦးတည်းသာ ကားကိုမောင်းစမ်းကြည့်ခြင်း၊ကားကို သေချာစွာ စစ်ဆေးကြည့်ရှု့ခဲ့ခြင်းကြောင့် အားနည်းချက်ရှိခဲ့သော် ကျွန်တော်တစ်ဦးတည်း၏ အားနည်းချက်သာဖြစ်ပါကြောင်း ဝန်ခံပါသည်။ အတတ်နိုင်ဆုံး အဖြစ်နိုင်ဆုံးနည်းလမ်းများကို သုံးသပ်ပြီးမှ ပရိုဘောက်ကား ပိုင်ရှင်များအတွက် စိတ်ချလုံခြုံနိုင်သော နည်းလမ်းများကို သုံးသပ်တင်ပြခြင်း ဖြစ်ပါသည်။ကားရှင်များနားလည် သဘောပေါက်စေရန် အတတ်နိုင်ဆုံး ရှင်းလင်းတင်ပြသွားပါမည်။

2NZ-FE VVT-i Engine ၏ VVT စနစ်အလုပ်လုပ်ပုံမှာ အင်္ဂျင် Camshaft ကင်းမရှပ်တွင် VVT Pulley ပါရှိပြီး ထိုပူလီအတွင်းတွင် Helical Spline များကို Lock pin ဖြင့်ထိန်းချုပ်ထားကာ Carkshaft Position Sensor, VVT Sensor, Throttle Position Sensor, Mass Air Flow Sensor, Vehicle Speed Sensor, Coolant Temp Sensor, တို့မှ ပေးပို့သောအချက်အလက်များကို ECM(Engine Control Module Box) မှ OCV(Oil Control Valve) သို့ပေးပို့ပြီး OCV နှင့် VVT ပူလီတို့မှ အင်္ဂျင်၏လိုအပ်ချက်အရ ကင်းမရှပ်မှတစ်ဆင့် အင်းတက်နှင့် အိတ်ဇောဘားတိုင်ပင်ကို အနည်းငယ်မျှ လိုအပ်သလို အတိုး အလျော့လုပ်ကာ ထိန်းချုပ်ပေးနိုင်ပါသည်။


ပထမအချက်အဖြစ် ကျွန်တော်နှင့် ဆရာများက VVT စနစ် ချို့ယွင်းချက်ရှိ၍ ဘားတိုင်ပင်အောက်ကာ ကားမီးလောင်နိုင်ခြင်း ရှိ/မရှိ သုံးသပ်ကြရာတွင် VVT စနစ် ချို့ယွင်းချက်ရှိလျှင် အင်္ဂျင်ချက်မီး အဝါလေးသည် ချက်ချင်းလင်း လာကာ အင်္ဂျင်လည်း မဆွဲတော့ကာ အင်းတက်သို့ Backfire ဖြစ်သော အသံများဖြစ်သော ဖုန်း ဖုန်း အသံများကြားရမည်ဖြစ်သည်။ ယာဉ်မောင်းက သတိမပြုမိ၍ ဆက်မောင်းသွားသည့်တိုင် 2NZ Engine ၏ ရေအပူချိန်ပုံမှန်ဖြစ်သော ၈၉ံC(Celcius) မှ ၉၃ံC အတွင်းတွင် မီးမလောင်နိုင်ဟု သုံးသပ်ပါသည်။အဘယ့်ကြောင့်ဆိုသော် ကျွန်တော်နှင့် ကျွန်တော်ဆရာများမှာ LPG Gas လောင်စာစနစ်ကို ဓါတ်ဆီကားများတွင် အသုံးပြုရန် တပ်ဆင်ပေးနေသည်မှာ ယခုတိုင်ဖြစ်ပြီး LPG Gas လောင်စာစနစ် အသုံးပြုသည့်ကားများသည် Distributor မီးတိုင်ပင်ကို တင်မထားပါက Intake backfire explosion ဖြစ်ကာ ပေါက်ကွဲတတ်ပြီး ၎င်းကဲ့သို့ ပေါက်ကွဲပါက မီးတိုင်ပင်အုံပါသောကားနှင့် VVT စနစ်ပါသော ကားများတွင်ပါ Air cleaner box ကော်ဗူးသာကွဲသွားပြီး မီးမလောင်တတ်ပါ... ထိုင်းတွင်မီးလောင်သော Gas လောင်စာသုံးကားအနည်းငယ်မှာ... NGV Gas လောင်စာစနစ်ဖြစ်ပြီး ထို Gas အမျိုးအစားမှာ တွန်းကန်အား အလွန်မြင့်မားကာ Gas ပိုက်ဆက်များမှ ဂက်စ်ယိုစိမ့်မှု့ကြောင့်သာ မီးလောင်ခြင်းဖြစ်ကာ Intake backfire explosion ဖြစ်၍ လောင်ခြင်းမဟုတ်ပါ...LPG Gas injector လောင်စာစနစ် တပ်ဆင်ပြီးချိန်တွင် Gas ECU control box remapping လုပ်ချိန်တွင် လက်တော့အား ကားပေါ်တင်ကာ တစ်ယောက်မောင်း တစ်ယောက်မှ remapping လုပ်ရာတွင်လည်း backfire explosion ဖြစ်သည့်အခါများရှိခဲ့ပြီး မီးလောင်ခြင်းမရှိခဲ့ပါ။ထို့ကြောင့် အင်္ဂျင်ပုံမှန် အပူချိန်တွင် VVT စနစ်ချို့ယွင်း၍ Intake backfire explosion ဖြစ်နိုင်သော်လည်း ကားမီးလောင်ရန် မဖြစ်နိုင် သလောက်ကို အလွန်ခဲယဉ်းပါသည်ဟု ကျွန်တော်နှင့် ဆရာများက သုံးသပ်ပါသည်။

ဆက်စပ်အကြောင်းအရာ - ကားမောင်းသူများအတွက် ဗဟုသုတလေးပါ

ဒုတိယအချက်အနေဖြင့် 2NZ Engine ၏ EVAP((Evaporative Emission Control system) စနစ်ကို ရှင်းလင်းတင်ပြပြီး သုံးသပ်ပါမည်။ EVAP စနစ်ဆိုသည်မှာ ဆီတိုင်ကီအတွင်းရှိ အပူရှိန်နှင့် တစ်ခြားအကြောင်းများ ကြောင့်ထွက်လာသော ဓါတ်ဆီငွေ့ကို CC(Charcoal Canister) ဟုခေါ်သော ဆီငွေ့ပြန်ဗူးထဲတွင် သိုလှောင်ထားကာ ယာဉ်မောင်းနှင်နေစဉ် ဆီငွေ့ကို အင်းတက်အတွင်းသို့ ပေးပို့သောစနစ်ဖြစ်ပါသည်။ ထိုဆီငွေ့ပြန်ဗူးကို အိတ်ဇောအနည်းငယ် နီးကပ်သောနေရာတွင်ထားကာ ဆီတိုင်ကီမှ လာသောဆီငွေ့ကို ဗူးအတွင်းအပြည့်နီးပါးရှိ ကာဗွန်ခဲငယ်များ အတွင်းဖြတ်သန်းစေကာဆီငွေ့ကို ပူနွေးစေပြီး အင်းတက်အတွင်းသို့ EVAP Purge Valve Solenoid မှ အင်္ဂျင်၏ ရေအပူချိန်ပုံမှန်သို့ရောက်ချိန်တွင် ECM ၏ထိန်းချုပ်မှု့ဖြင့် ၁ စက္ကန့်တွင် ၂/၃ ခါ ဖွင့်လိုက် ပိတ်လိုက်ပြုလုပ်ကာ အင်းတက် Throttle Body သို့ ပို့ပေးခါ အင်္ဂျင်ဆွဲအားကောင်းစေရန်နှင့် ဆီစားအနည်းငယ် သက်သာစေရန် အထောက်အကူပြုပါသည်။


ဆီတိုင်ကီမှ ဆီငွေ့ပြန်ဗူးသို့ လာရာပိုက်လိုင်းတွင် Cut and Check Valve အနည်းဆုံး တစ်ခုမှ နှစ်ခုအထိ တပ်ဆင်ထားကာ တိုင်ကီအတွင်းရှိ ဆီငွေ့များသာ ဗူးအတွင်းသို့ သွားနိုင်ပြီး၊ ဗူးအတွင်းရှိ ဆီငွေ့များမှာ ဆီတိုင်ကီအတွင်းသို့ လုံးဝ ပြန်မဝင်သွားနိုင်ပါ။ ဆီငွေ့ပြန်ဗူး ချို့ယွင်းချက်ပါက မောင်းနှင်နေချိန်တွင် ဗူးအတွင်းသို့ ပြင်ပြလေများသာဝင်ရောက်လာနိုင်ပြီး ဆီငွေ့များမှာ အပြင်သို့ ထွက်နိုင်ရန် အလွန်ခဲယဉ်းပါသည်။ မောင်းနှင်နေချိန်တွင် ဗူးအတွင်းရှိဆီငွေ့များအား အင်းတက်မှ အမြဲစုတ်ယူနေ၍ ဗူးအတွင်းတွင် ဆီငွေ့များမှာ မရှိသလောက်ပင်ဖြစ်ပါသည်။ နောက်တစ်ချက်မှာ ဆီငွေ့ပြန်ဗူးချို့ယွင်းချက်ရှိ၍ ပြင်ပလေ အင်းတက်အတွင်းသို့ ဝင်ရောက်လာပါက အင်္ဂျင်ချက်မီးလင်းလာမည်ဖြစ်ကာ ကားလည်း မဆွဲတော့ပါ။အဲယားကလင်ဒါမှဝင်သောလေကို တိုင်းတာသော Mass Air Flow Sensor သည် အဲယားကလင်ဒါမှ ဝင်သောလေနှင့် အင်္ဂျင်ထဲ ဝင်ရောက်လာသောလေ မညီမျှပါက ECM မှတွက်ချက်ကာ အင်္ဂျင်ချက်မီး လင်းစေရန် W (Engine Warning Light) မီးကြိုးသို့ မီးပို့ကာ ချက်မီးလင်းစေပါသည်။ Mercedes Benz ကားများဆိုလျှင် ဆီငွေ့ပြန်ဗူး မကောင်းပါက အနည်းငယ်မောင်းလိုက် ထိုးရပ်လိုက်ပင်ဖြစ်ပါသည်။

ဆီငွေ့ပြန်ဗူးကို အိတ်ဇောနှင့်ဝေးရာသို့ ရွေ့ပြောင်းထားလိုက်ပါက အင်္ဂျင်သတ်မှတ်အပူချိန်ရောက်ချိန်တွင် EVAP Valve Solenoid စတင်အလုပ်လုပ်ကာ အင်းတက်သို့ ဆီငွေ့စတင်ပို့ပေး ချိန်၌ အင်္ဂျင်စလိုး(slow rpm) ဖြစ်သော အင်္ဂျင်အပတ်ရေ ၅၀၀ မှ ၇၀၀ အတွင်း တွင် အင်္ဂျင်အနည်းငယ် တုန် တုန်သွားသည်ကို တွေ့ရပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆီငွေ့သည် လိုအပ်သော အပူချိန်မရရှိသောကြောင့် ဆီငွေ့စတင်ကာဝင်ရောက်ချိန်တွင် အနည်းငယ်ဆီများသလိုဖြစ်သွားသောကြောင့် တုန်သွားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆီငွေ့ပြန်ဗူးများကို နေရာမရွေ့ပြောင်းရန် အကြံပေးလိုပါသည်။ အင်္ဂျင်သာမန်အပူချိန်တွင် ဆီငွေ့တင်သာမက ဓါတ်ဆီများပါ ပိုက်ပေါက်၍ အပြင်ထွက်လာပါက ကားသာရပ်သွားမည်ဖြစ်ကာ မီးမလောင်နိုင်ပါ။



တတိယအချက်အနေဖြင့် မီးလောင်နိုင်သော အကြောင်းရင်းများကို စဉ်းစားသုံးသပ်ရာတွင် (၁)Catalytic Converter တွင်ကာဗွန်မှုန့်များ ပိတ်သောကြောင့်ဖြစ်ပါသည်။ ကားဆွဲအနည်းငယ်ကျကာ Catalytic Converter ပိတ်သည်ဟု ယူဆသော ကားများကို ညအချိန်တွင် လေးချောင်းထောက် ကားမသည့်စင်ပေါ်တင်၍ Converter ပိတ်/မပိတ်ကို ကျွန်တော်တို့သည် စမ်းကြည့်နေကျဖြစ်ပါသည်။ စင်ပေါ်တင်ကာစမ်းရာတွင် Converter ပိတ်သောကားများမှာ ကားစက်နိုးကာ အင်္ဂျင်အပတ်ရေ ၁၅၀၀ မှ ၂၀၀၀ အကြားနင်းထားချိန်တွင် ၁၅ မိနစ်ကျော်လျှင် Catalytic Converter နေရာမှစကာ ရှေ့အင်္ဂျင် Exhaust Manifold အိတ်ဇောပိုက်နေအထိ တောက်လျှောက် မီးသွေးတုံးမီးဖုတ်ထားသကဲ့သို့ ရဲလာသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထိုအပူချိန်သည် ဓါတ်ဆီ၊ ဆီငွေ့တင်သာမက အဝတ်စ ပလပ်စတစ် ကော် အမှိုက်ဘာကျကျ မီးလောင်နိုင်သောအပူချိန်ဖြစ်ပါသည်။ပရိုဘောက်ကားများမှာ ပျှမ်းမျှသက်တမ်း အားဖြင့် ၁၀ နှစ်ကျော်နေပြီး မသန့်သော ဆီများထည့်ကာမောင်းနှင်မိပါက ကာဗွန်မီးခိုးအမှုန်များ ပိုမိုထွက်လာကာ Catalytic Converter ပိတ်ရန် အကြောင်းအရင်းများပါသည်။ကျွန်တော်တို့ဆီတွင် သက်တမ်း ၅ နှစ်ကျော်လာသော ကားများပင် Catalytic Converter ပိတ်တတ်သေးရာ သက်တမ်း ၁၀ နှစ်ကျော်သော ကားများမှာ Catalytic Converter ပိတ်ရန် အကြောင်းရင်းပိုများပါသည်။ သို့သော် ပရိုဘောက်ကားများသည် ရုတ်တရက် ဟုန်းကနဲ မီးအလုံးအရင်းဖြင့် ထလောင်ခြင်းဖြစ်ရာ ထိုကဲ့သို့ ဖြစ်စေနိုင်သော အခြားအကြောင်းအရင်းများကိုလည်း စဉ်းစားကြည့်ရဦးမည်ဖြစ်ပါသည်။

ဟုန်းကနဲ မီးအလုံးအရင်းဖြင့် မီးလောင်စေနေနိုင်သော အခြားအကြောင်းရင်းမှာ Catalytic Converter ပိတ်သောအကျိုးဆက်ကြောင့် ၁၃၀၀အင်္ဂျင်မှာ အိတ်ဇောငွေ့များကို ပိုမိုတွန်းထုတ်ကာ အလုပ်လုပ်ရသောကြောင့် ရေအပူချိန်အလွန်အမင်းမြင့်မားလာကာ ရေဆူ၍ အင်္ဂျင်နှင့် အင်္ဂျင်ခန်းအပူချိန် အလွန်မြင့်မားလာသောကြောင့်ဖြစ်ပါသည်။ ပရိုဘောက်ကားများမှ ဒိုင်ခွက်အတွင်းတါင် ရေအပူချိန်ပြ မီတာမှာမပါရှိဘဲ ရေမီတာအစား ရေအပူချိန်ကို ပြဒါးတိုင်ပုံစံ မီးအပြာရောင် အနီရောင်ဖြင့်သာ ပြပါသည်။ရေအေးနေချိန်တွင် အပြာရောင်ထွက်လာပြီး ပုံမှန်အပူချိန်တွင် ဘာမှမပြကာ ရေအပူချိန်မြင့်မားလာချိန်တွင် အနီရောင်မီးလေးဖြင့် သတိပေးပါသည်။ထိုမီးလေးမှာ ယာဉ်မောင်းနှင်နေချိန်တွင် စီယာတိုင်ဂွေဖြင့် ကွယ်နေတတ်ကာ သတိထား၍ ဂရုစိုက်ကြည့်မှသာ မြင်ရပါသည်။ တောင်တက်လမ်းနှင့် ဟိုက်ဝေးလမ်းမများပေါ်တွင် အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေချိန်တွင် ထိုမီးကို ခဏ ခဏ ငုံ့ကြည့်ရန် ခက်ခဲကာ မိမိအန္တာရယ်ကို ဖိတ်ခေါ်နေသကဲ့သို့ပင်ဖြစ်ပါသည်။ နောက်တစ်ချက်ရေဆူ နိုင်သော အကြောင်းရင်းမှာ ၁၃၀၀ အင်္ဂျင်နှင့်မမျှအောင် လူနှင့်ဝန်များတင်၍ ရုန်းရသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ Catalytic Converter မပိတ်ဘဲ သာမန်ရေဆူချိန်တွင် ရေအပူချိန်မီးကို သတိမပြုမိ၍ ဆက်မောင်းပါက ကွန်နတင်း၊ ကရိုင်း ဘယ်ရင်များသာ ပျော်သွားမည်ဖြစ်ကာ မီးမလောင်နိုင်ပါ။အထက်ဖော်ပြပါ အချက်နှစ်ချက်ဖြင့် လည်းပရိုဘောက်ကား ရုတ်တရက် ဟုန်းကနဲ မီးထမလောင်နိုင်သေးပါ။



မီးလောင်နိုင်စေရန် တတိယအချက်မှာ Catalytic Converter ပိတ်၍ အင်္ဂျင် အပူချိန်အလွန်အမင်း မြင့်မားကာရေဆူ၍ အင်္ဂျင်ခန်း အပူချိန်လွန်ကဲလာ ချိန်တွင် သက်တမ်း ၁၀ နှစ်ကျော်ပြီဖြစ်သော Pressure Fuel Pump ရာဘာပိုက်မှာ အပူချိန်လွန်ကဲသောကြောင့် ရုတ်တရက် ပေါက်ကွဲခြင်း(သို့) ဆီယိုစိမ့်ခြင်းဖြစ်ကာ ရုတ်တရက်ဟုန်းကနဲ မီးလောင်ရန်မှာ အဖြစ်နိုင်ဆုံး ဖြစ်နိုင်ပါသည်။ထို Pressure Pump ဆီပိုက်များကို အသစ်လဲရာတွင် တော်ရုံကောင်းမွန်သော ပိုက်ကလစ်ဖြင့် ထည့်ကြပ်သည့်တိုင် ဆီတွန်းကန်အား များလွန်းသဖြင့် ဆီယိုစိမ့်တတ်သောကြောင့် ပိုက်ကလစ် အကောင်းစားများ ထည့်ကာ ကြပ်ရသဖြင့် ဆီတွန်းအားများ မများကို ခန့်မှန်းနိုင်ပါသည်။ ပရိုဘောက်ကားများတွင် ပိုက်ဆက်ကို O Ring နှင့် ကော်ကလစ်ကို အသုံးပြုထားပါသည်။ဆီပိုက်ပေါက်လျှင်(သို့) ယိုစိမ့်လျှင် ကားမောင်းမရသည်မှာ မှန်သော်လည်း ဆီအပြင်သို့ ထွက်ချိန်နှင့် မီးလောင်ချိန်မှာ တစ်ချိန်တည်းဖြစ်ကာ ထိုအချက်ကို သတိပြုမိရန် အလွန်ခက်ခဲပါသည်။ထိုကဲ့သို့ အင်္ဂျင်ခန်းအပူချိန် အလွန်မြင့်မားလာချိန်တွင် ဆီ ဆီငွေ့ ရှိသော မည်သည့်နေရာမှမဆို မီးလောင်နိုင်ပါသည်။

ထို့ကြောင့် ပရိုဘောက်ကား မီးလောင်ရန်မှာ (၁)Catalytic Converter ပိတ်ခြင်း (၂)Catalytic Converter ပိတ်သောကြောင့် အင်္ဂျင်အပူချိန်အလွန်မြင့်မားကာ ရေခန်း၍ အင်္ဂျင်ခန်း အပူချိန် အလွန်မြင့်မားလာခြင်း (၃)အင်္ဂျင်ခန်းအပူချိန်အလွန်မြင့်မားလာသော အပူချိန်ကြောင့် ဆီပိုက်ပေါက်၍(သို့)ယိုစိမ့်၍ Catalytic Converter ပိတ်ကာ မီးကဲ့သို့ နီရဲနေသော အိတ်ဇောပေါ်သို့ ဆီကျခြင်းကြောင့် လောင်ရပါသည်ဟု သုံးသပ်ပါသည်။

ကာကွယ်ရန်အချက်များ (၁) Catalytic Converter ကိုဖြုတ်၍ ရေအားပြင်းသောရေပန့်ဖြင့်ထိုးကာ လေအားပြင်းပြင်ဖြင့် မှုတ်လျှင် လုံးဝနီးပါး ပိတ်နေခြင်းမှ သက်သာလာမည် ဖြစ်ပါသည်။သို့သော် အသစ်ကဲ့သို့တော့ ပွင့်မည်မဟုတ်ပါ။ကျွန်တော်တို့ဆီတွင် Catalytic Converter ပိတ်ပါက အသစ်ဖြတ်လဲပါသည်။အသစ်သည် အနည်းဆုံး (၅)ကျော်တော့ သုံးနိုင်မည်ဖြစ်ပါသည်။ Catalytic Converter ကိုလုံးဝ ဖြုတ်မထုတ်သင့်ပါ။Catalytic Converter မရှိပါက မီးခိုးငွေ့များသည် အပြင်သို့ တိုက်ရိုက်ရောက်သွားသောကြောင့် ယာဉ်ထူထပ်သော မြို့ကြီးများတွင် လေထုညစ်ညမ်းစေပါသည်။

(၂)အင်္ဂျင်ရေအပူချိန်တက်ကာ ရေဆူခြင်းမှ ကာကွယ်နိုင်ရန် Thermostart သာမိုစတတ်များးကို စစ်ဆေးကာ မကောင်းလျှင် အသစ်လဲခြင်း၊ ရေတိုင်ကီနှင့် ရေပိုက်လိုင်းများ ယိုစိမ့်မှု့ရှိမရှိ မကြာမကြာစစ်ခြင်း၊ ရေတိုင်ကီတွင် Toyota coolant ဆေးရည်ကိုသာ သတ်မှတ်အချိန်အဆအတိုင်း ထည့်သုံးခြင်း၊ (ရေတိုင်ကီ Toyota coolant သည် အခြားပြင်ပြထုတ် coolant များဖြစ်သော အစိမ်းနှင့် အပြာရောင်တို့နှင့်ရေသုံးက ရေအပူချိန်တက်စေပါသည်) ရေတိုင်ကီအောက်ဘက် ဘယ်/ညာ နှစ်ဘက်တွင် Cooling Fan အထိုင်နှင့် ရေတိုင်ကီကြားတွင် ကျွတ်စခံကာ ရေတိုင်ကီပန်ကာအုံအထိုင်နှင့် ရေတိုင်ကီ ရိုက်ကာ ရေတိုင်ကီပေါက်ခြင်းမှ ကာကွယ်ထားခြင်း၊ (ရေတိုင်ကီ ပန်ကာ အထိုင်နတ်သည် အပေါ်တွင် ၂ လုံးပါပြီး အောက်ဘက်တွင် အလည်တွင် တစ်လုံးတည်းထည့်ထားသောကြောင့် ရေပြန်ဗူးထည့်ထားသော ဘယ်ဘက်အောက်အခြမ်းသည် ပန်ကာအထိုင်နှင့် ရေတိုင်ကီ ပိုက်လိုင်းရိုက်နေကာ ပိုက်လိုင်းပေါက်တတ်ပါသည်)

(၃)ရေအပူချိန်ပြမီးသည် မောင်းနှင်နေချိန်တွင် ကြည့်ရန်ခက်ခဲသောကြောင့် ဒက်ဘုတ်ပေါ်တွင် ရေမီတာဒိုင်ခွက်တစ်ခု တပ်ဆင်ထားသင့်ပါသည်။ ရေမီတာဒိုင်ခွက်သည် ရေအပူချိန်အာရုံခံဆင်ဆာနှင့် အတွဲလိုက်ရောင်းသည်ကို ဝယ်မှသာ မီတာမှန်ပါသည်။ထိုအပိုမီးခေါင်းကို အင်္ဂျင်အပေါ်ရေပြန်ပိုက်နားတွင် ထည့်ဆင်ရမည်ဖြစ်ကာ မီတာတစ်ခုသာဝယ်၍ ECM ကွန်ထရိုးဘေက်သို့ ဝင်သော ရေအပူချိန်ဆင်ဆာမီးကြိုး THW မှ လုံးဝဖောက်မယူရပါ။

(၄)ပျှမ်းမျှ သက်တမ်း ၁၀ နှစ်ကျော်နေသော အင်္ဂျင် Injector ဆီပိုက်ကို ကုမ္ပဏီမှ အသစ်မှာယူ၍ လဲလှယ်သင့်ပါသည်။ပြည်တွင်းမှပစ္စည်းဖြင့်လဲလှယ် လျှင်လည်း အမျိုးအစားကောင်းသော High Pressure Fuel pipe ဖြင့်သာလဲလှယ်သင့်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

Atoe
Ygn News