အသားဖြူပြီး မျက်လုံးပန်းရောင်ဖြစ်နေတဲ့ကလေး(albino) လေးတွေ သတ်ဖြတ်ခံနေရ

ပို့စ်တင်ချိန် - 5/10/2014 03:40:00 PM


မွေးရာပါ ရောင်ခြယ် မလုံလောက်မှုကြောင့် အသားဖြူကာ မျက်လုံးပန်းရောင် ဖြစ်နေတဲ့ကလေး (albino)တွေဟာ တန်ဇနီးယားနိုင်ငံမှာ သတ်ဖြတ်ခံရတဲ့အထိ အန္တရယ်ကြုံတွေ့ နေရပါတယ်။

ရိုးရာဆေးဆရာတွေ၊ ငါးဖမ်းသမားတွေ၊ မိုင်းတွင်းလုပ်သားတွေနဲ့ လူသတ်သမားတွေဟာ သူတို့ကို “ဝိညာဉ်မျိုးနွယ်”တွေလို သတ်မှတ်ပြီး  သတ်ဖြတ်လျက်ရှိပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ကျန်းမာရေးကောင်းစေပြီး ကံကြမ္မာကို အကောင်းဘက် ဆောင်ယူလာတယ်လို့ ၄င်းတို့က ယုံကြည်ထားကြပါတယ်။

အသက်အန္တရယ်ကို ခြမ်းခြောက်မှုတွေဖြစ်နေတာကြောင့် တန်ဇနီးယားအစိုးရက ဒီလိုကလေးတွေ ခိုလှုံဖို့ နေရာအမြောက်အများကို ဖွင့်လှစ်ပေးထားပါတယ်။ တန်ဇနီးယားသမ္မတ Jakaya Kikwete က သတ်ဖြတ်မှုတွေကို စုံစမ်းဖို့  တာဝန်ရှိအဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးခဲ့ပါတယ်။

တချို့အမှုတွေမှာ အဖေတွေကိုယ်တိုင်က သူတို့ကလေးတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။ ရရှိလာတဲ့ ငွေကြေးဟာ သာမန်တန်ဇနီးယား မိသားစုတစ်စုအတွက် အတော်များပြားတယ် လို့ဆိုပါတယ်။

ငါးဖမ်းသမားတွေက သူတို့ရဲ့ဆံပင်ဟာ ငါးပိုရစေတယ်လို့ ယုံကြည်ကြပြီး မိုင်းတွင်းသမားတွေကတော့ သူတို့ရဲ့အရိုးဟာ စိန်တွေကို ပိုရစေတယ်လို့ ယုံကြည်ကြပါတယ်။ ရိုးရာဆေးဆရာတွေကတော့ ကာမအားတိုးစေရေး လို ကုသမှုတွေ အတွက် သူတို့ရဲ့လိင်အင်္ဂါတွေကို အသုံးပြုကြပါတယ်။

တန်ဇနီးယားရဲ့ albino လူဦးရေ အရေအတွက်ဟာ တွက်ချက်ဖို့ ခက်ခဲပြီး အမျိုးမျိုးခန့်မှန်းနေကြတယ် လို့ဆိုပါတယ်။

အစိုးရက တစ်နိုင်ငံလုံးကို စစ်တမ်းကောက်ယူခဲ့ပေမဲ့ ရလဒ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ albino လှုပ်ရှားသူအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖြင်းအားဖြင့် နိုင်ငံ့လူဦးရေ ၄၈သန်းထဲမှာ ၄င်းတို့က တစ်သိန်းကျော် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် Team မှ ဘာသာပြန်သည်။