အမေရိကန် စမတ်ဖုန်းဈေးကွက်တွင် Apple နှင့် Samsung ဆက်လက်ဦးဆောင်နေ

ပို့စ်တင်ချိန် - 5/28/2014 07:59:00 AM


အမေရိကန်တွင် feature ဖုန်းအသုံးပြုမှု ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်းနှင့် စမတ်ဖုန်းဈေးကွက်တွင် Apple နှင့် Samsung ကဆက်လက် ဦးဆောင်နေကြောင်း ဈေးကွက်သုတေသနအဖွဲ့ Counterpoint ကဖော်ပြခဲ့သည်။

ယခုနှစ် ပထမလေးလပတ်တွင် အမေရိကန်၏စမတ်ဖုန်း တင်ပို့ရောင်းချသည့် ကုမ္ပဏီတွင် Samsung ကဦးဆောင်ခဲ့သော်လည်း စမတ်ဖုန်းရောင်းချမှုတွင် Apple ကဦးဆောင်လျက်ရှိကြောင်း Counterpoint ကဆိုသည်။ အဆိုပါကုမ္ပဏီနှစ်ခုတွင် မူပိုင်ခွင့်အငြင်းပွားဖွယ် ပြဿနာ များကြောင့် တရားရုံးတွင်အမှု ရင်ဆိုင်နေရသော်လည်း ၎င်းကုမ္ပဏီနှစ်ခု၏ ပထမလေးလပတ်အတွင်း အမေရိကန်သို့ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် စုစုပေါင်းတင်ပို့ရောင်းချမှုထက် သုံးပုံနှစ်ပုံရှိခဲ့ကြောင်း Counterpoint ကဖော်ပြခဲ့သည်။

ထို့အပြင် အမေရိကန် စမတ်ဖုန်းဈေးကွက်အတွင်း နေရာအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး TCL-Alcatel က Huawei ၏နံပါတ် ၅ နေရာကိုရယူခဲ့ကြောင်း အထက်ပါ သုတေသနအဖွဲ့ကပြောကြားခဲ့သည်။

ယခုနှစ် ပထမလေးလပတ်တွင် တင်ပို့ရောင်းချခဲ့သည့် စမတ်ဖုန်းများတွင် အသုံးပြုထားသည့် operating system များတွင် Google ၏ Android က ၅၉ ရာခိုင်နှုန်းဖြင့် ဈေးကွက်၏ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။ Apple ၏ iOS ဈေးကွက်ရှယ်ယာမှာ ၃၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး Microsoft  ၏  Windows အသုံးပြုမှုနှုန်း မြင့်တက်လာသော်လည်း ဈေးကွက်ရှယ်ယာ ၄ ရာခိုင်နှုန်းအောက်သာရှိခဲ့သည်။

ထို့အပြင် အမေရိကန်စမတ်ဖုန်း ဈေးကွက်၌ LTE စနစ်ပါဝင်သည့် ဖုန်းများတင်ပို့မှုမြင်တက်လာခဲ့ပြီး တင်ပို့ရောင်းချခဲ့သည့် စမတ်ဖုန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းသည် LTE ဖုန်းများဖြစ်ကြောင်း Counterpoint ကဖော်ပြခဲ့သည်။

-နောင်နောင်
Ref: PCMag
Internet Journal