နိုင်ငံရေး သေတွင်းတူးခြင်း - ဇာဂနာ

ပို့စ်တင်ချိန် - 5/15/2014 01:42:00 AM


နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဟု ဆိုကြသည်။ တချို့ကတော့ မိမိရန်သူ၏ ရန်သူသည် ကိုယ့်မိတ်ဆွေဟု ဆိုပြန်သည်။ ကျွန်တော် ကြုံတွေ့ ရပုံကတော့ တစ်မျိုးတစ်ဖုံ ဖြစ်သွားခဲ့ချေပြီ။
ကျွန်တော် စာပေဟောပြောပွဲ မဟောဖြစ်တာ တော်တော်ကြာပြီ။ ကိုးလကျော်ခဲ့ပြီ။
ဆေးရုံနှစ်ခါ တက်လိုက်ရသဖြင့် ကျန်းမာရေး တော်တော်ချူချာသော နှစ်ဖြစ်ခဲ့၏။ ဆရာဝန်ကလည်း အလုပ်တွေ လျှော့ခိုင်းသည်။
ကျွန်တော်က လျှော့မရ။

ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အလုပ်တွေကပိသည်။ ငြိမ်းချမ်းရေး ပွဲတော်တွေကိုလည်း လုပ်မိပြန်တော့ အနားမရနိုင်။ သေချာတာကတော့
နိုင်ငံရေးနှင့် ကျွန်တော် ဝေးဝေးနေလို့ မရချေ။ ကျွန်တော့် အ၀န်းအ၀ိုင်းကိုက နိုင်ငံရေး မိသားစု ဖြစ်နေသည်။

နေ့စဉ်နှင့်အမျှ နိုင်ငံရေးနှင့် မျက်နှာသစ် နေသူများဖြစ်၏။ အားမလို အားမရဖြစ်တာတွေကို မချိတင်ကဲလည်း ပြောကြ၊ ရင်ဖွင့်ကြသည်။
ကျွန်တော့် မိတ်ဆွေတွေက ကျွန်တော့်ကို စာပေ ဟောပြောပွဲတွေ ဟောစေချင်သည်။
ကျွန်တော့် စာပေဟောပြောပွဲ အခွေတွေက တော်တော်ပြန့်သည်။ အမြန်ကားကြီးတွေပေါ်မှာတောင် ပြသည်ဆို၏။

နယ်က လူငယ်တွေက ကျွန်တော့် ဟောပြောပွဲ အခွေကို
ကြည့်ပြီး၊ နားထောင်ပြီး ဆွေးနွေးပွဲတွေ လုပ်ကြသည်တဲ့။ ရန်ကုန်ကို တချို့ရောက်လာကြပြီး ကျွန်တော်နှင့် လာဆွေးနွေးကြသည်။ ကျွန်တော်က နိုင်ငံရေး ပါရဂူ မဟုတ်သလို ပုရောဟိတ်လည်း မဟုတ်ချေ။

နိုင်ငံရေးကို ၀ါသနာပါလို့ လေ့လာနေခြင်း သက်သက်သာ။ ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်ကမှ နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘာဘွဲ့မှ မရခဲ့ဖူးချေ။
တချို့လူငယ်တွေက နိုင်ငံရေးသမား လူကြီးတွေကို အစာမကျေ။ မြန်မာ့နိုင်ငံရေး အရွေ့မှာ လမ်းပိတ်ဆို့နေသည်၊ လမ်းပျောက်နေသည်၊ လမ်းပျက်နေသည်ဟု ဆိုကြ၏။

မဆလခေတ်က ဦးနေ၀င်း၏ တစ်မိန့်တည်းကိုသာ နာခံပြီး လိုက်လုပ်နေခဲ့ကြရပုံနှင့် နှိုင်းယှဉ်လာကြသည်။ ဒီမိုကရက်တစ် အာဏာရှင် ဖြစ်နေပြီဟုလည်း ရင်ထုမနာ ဆိုကြသည်။ ဧကရာဇ်မှသည် ဧကရီဆီသို့ ရွှေ့လာပြီဟု ဆိုပြန်သည်။

ကျွန်တော် နိုင်သလောက် ရှင်း၏။ မရချေ။
စာပေ ဟောပြောပွဲတွေမှာ စာရေးဆရာတွေက နိုင်ငံရေးကို လက်သီးလက်မောင်းတန်း ဟောသည်။ တချို့ဆိုလျှင် ပရိသတ်ကို ဒို့အရေး အော်ခိုင်းသည်။ တချို့က အစိုးရကို ဆဲခိုင်းသည်။ စိမ်ခေါ်ခိုင်းသည်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျွန်တော်ချစ်သည်။

လေးစား
သည်။ အလွဲသုံးစား မလုပ်ကြစေချင်။ သို့သော် ကိုယ်ပြောတာကို သူတို့နားထောင်မည်
မထင်။ ထို့ကြောင့် ဘာဝေဖန်မှုမှ မပေးတော့ဘဲထိုသို့သော ဟောပြောသူများကို
ရှောင်လိုက်သည်။ သို့နှင့် စာပေ ဟောပြောပွဲနှင့် ကျွန်တော် ဝေးခဲ့ရသည်။

သို့တစေ တော်တော်များများသော ပရိသတ်တွေက တောင်းဆိုသည်။ ပြောစေချင်
ကြသည်။ ကျွန်တော် ထောင်ထဲ ရောက်နေစဉ်က အတူနေ မိတ်ဆွေတွေရှိသည်။ သူတို့ကို ကျွန်တော်က နိုင်ငံရေးနှင့် ပတ်သက်သော စာအုပ်တွေကို ဘာသာပြန်ပေးပြီး ဖတ်စေခဲ့၏။

ကျွန်တော့် မိတ်ဆွေတွေ ပေးပို့လိုက်သော အင်ဒရူးဟေးဝုဒ်၊ ပိတာရှရိုးဒါး၊ လယ်ရီဒိုင်းမွန်း၊ ရောဘတ် အေဒါးလ်၊ ဖူးကူယာမား စသည့် စာရေးဆရာများ၏ စာအုပ် တွေကို ကျွန်တော်က ဖတ်လည်းဖတ်ပြသည်။ ဘာသာပြန်ပြီးလည်း ပေးဖတ်သည်။ သူတို့တတွေက ကျွန်တော့ကို ထိုစာတွေ စုပေါင်းပြီး စာအုပ်ထုတ်ဖို့ ပြောသည်။
ကျွန်တော်က လိပ်ပြာမလုံ။

သို့သော် စာပေ ဟောပြောပွဲတွေ၊ သင်တန်းတွေမှာတော့ ထိုစာအုပ်တွေထဲက ထုတ်နှုတ် ထားသော မှတ်စုတွေကို ပြောဖြစ် ဟောဖြစ်သည်။ နောက်ထပ် ဖတ်မှတ်မိသော လေ့လာမိသော စာတွေကိုလည်း မျှဝေပေးခဲ့သည်။ မည်သို့ဆိုစေ ကျွန်တော် စာပေဟောပြောပွဲ တစ်ခါဟောဖို့ တော်တော် အရှိန်ယူရသည်။ အချိန်လည်း ယူရသည်။

ပေါ့လွယ်လွယ် မဟော မပြောချင်။ ပရိသတ်ကို ရယ်စရာတွေ ပြောဖို့ ကျွန်တော် ဘာမှမခက်။ သို့သော် ဒါအငြိမ့်ဇာတ်ခုံ မဟုတ်။ အပျင်းပြေ စိတ်အညောင်းပြေ ရယ်မောစရာလေးတွေ ညှပ်ပြောတာမျိုးလောက်သာ ပြောရ၏။ ကျွန်တော်နှင့်စိတ်ချင်း စေတနာချင်းတူသော
ဇော်သက်ထွေး၊ နေဘုန်းလတ်တို့နှင့် တိုင်ပင်ပြီး ဟောပြောပွဲတွေကို ရည်ရွယ်ချက် တစ်ခုထားပြီး ထိထိရောက်ရောက် ပြောကြဖို့ တိုင်ပင်မိသည်။

ကျွန်တော်ငယ်ငယ်က စာပေ ဟောပြောပွဲတွေ တော်တော်များများ နားထောင်ဖူးသည်။ ဦးကိုယုတို့ ဆရာဗိုလ်သခင်ဆရာတို့ ပြောတာတွေကို သဘောကျသည်။ သူတို့ ဟောတာ၊
ပြောတာ နားထောင်ပြီးလျှင် ကျွန်တော် စဉ်းစားစရာတွေ အများကြီးရသည်။ ဆက်ဖြန့် တွေးတောစရာတွေလည်း ရသည်။

ကျွန်တော်က ဒီလိုပုံစံကို နှစ်ခြိုက်သည်။ ကိုဇော်သက်ထွေးက သတင်းသမားပီပီ သတင်း လွတ်လပ်ခွင့်ကို ဇောင်းပေးချင်သည်။
တစ်ဆက်တည်းမှာ ဒီမိုကရေစီ နိုင်ငံတော် ဆီသွားချင်ပါက စောင့်ကြည့်ရမည့် ၀တ္တရားတွေ တင်ပြချင်သည်။ ကိုနေဘုန်းလတ်က လူလူချင်း အမုန်းပွားစေမည့် စကားတွေ ဘယ်လောက် အန္တရယ်ကြီးကြောင်း တင်ပြမည်။

တချို့ကတော့ ကိုနေဘုန်းလတ်၏ ရည်ရွယ်ချက်ကို
တိတိပပ နားလည်ဟန်မတူ။ အစိုးရက မုန်းမှာ ကြောက်လို့လားဟု ခနဲ့သည်။ ပြဿနာ မရှိပါ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့သာ လိုအပ်တာ ဖြစ်၏။ ငြင်းရ ခုန်ရတာသည် အရသာ။
သို့ဖြင့် ၀က်လက်မြို့နယ်ထဲက ရွှေပန်းကုန်း ကျေးရွာနှင့် လားရှိုးတို့မှာ ဟောပြောခွင့်
ရသည်။ ရွှေပန်းကုန်းမှာ ကွင်းပြည့်ခမန်း လာနားထောင်သောပရိသတ်တို့၏ ရေချိန်
ကမြင့်သည်။ ကျွန်တော်က တစ်ယောက်တည်း တစ်လမ်းသွား ဟောရတာ မကြိုက်၊ ပရိသတ်နှင့် အပြန်အလှန် ပြောချင် မေးချင်သည်။ ဒီမှာတင် ပြဿနာက တက်တော့၏။

(ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်တဲ့ကိစ္စက ကျွန်တော်တို့ ရပ်သူရွာသားတွေနဲ့ ဆိုင်သလား)
လို့ မေးလာ၏။ ကျွန်တော် ဖြေဖို့ခက်သည်။
ကျွန်တော် ပြောဟောနေသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြောင်း မဟုတ်။ ကျွန်တော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုထိုးထိုးဖောက်ဖောက် ဆွေးနွေးနိုင်မည့်သူမဟုတ်။ ပြည်သူ
တွေမှာ တာဝန်ရှိပါတယ်လို့ မယုတ်မလွန် ဖြေလိုက်မိတော့ ဒါဆို လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ဖို့လဲလို့ မေးခွန်းက ဆက်လာပြန်သည်။ ကျွန်တော် တော်တော် ဖြေရကျပ်သည်။

ဒါစာပေ ဟောပြောပွဲ နိုင်ငံရေး တရားဟောပွဲ မဟုတ်ပါဘူးလို့ ဘုတောလို့က မဖြစ်။ ဒီအကြောင်း ဆွေးနွေးဖို့ အချိန်ယူ ရပါဦးမည်။
နောက်အလျဉ်းသင့်တော့ ဆွေးနွေးကြတာပေါ့ဟု ချွေးသိပ်ခဲ့ရသည်။ ကိုယ့်ကိုယ်ကိုလည်း သိပ်မကျေနပ်ချင်။

လားရှိုးရောက်တော့ ပြဿနာနာက်တစ်မျိုး တက်ပြန်သည်။ ဒုတိယ သမ္မတလာမှာမို့
ဟောပြောပွဲ နောက်တစ်ရက် ဆုတ်ခိုင်းသည်။ ဒုတိယ သမ္မတနှင့် ဟောပြောပွဲ ဘယ်လိုမှ မပတ်သက်ချေ။ ဒီလို စရိုက်ဆိုးတွေ အမွေအဖြစ် ကျန်နေခဲ့တာ တော်တော်ဆိုးသည်။

သို့ဖြင့် စာပေ ဟောပြောပွဲက NLD ရုံးချုပ်ထဲသို့ ရောက်သွားသည်။ လူတို့၏ သဘာဝ ဒါမျိုးဆို ပိုအားပေးတတ်သည်။ ဒီတော့ NLDရုံးဘေး မြေကွက်လပ်ကြီး တစ်ခုလုံး ပြည့်သွားသည်။ ဒီနေရာမှာတင် ပွဲကိုစီစဉ်သော မေတ္တာပန်းခင်း လူငယ်ကလေးများ မျက်လုံး ပြူးရတော့သည်။

ထုံစံအတိုင်း မြို့နယ်အုပ်ချုပ်ရေးက လုံခြုံရေး ဘန်းပြ
လာသည်။ ဒါတွေကို စာပေ ဟောပြောပွဲထဲမှာ ခပ်စပ်စပ် ကလေးဟောဖို့၊ ထည့်ပြီး ပြောဖို့ လာတိုက်တွန်းကြသည်။ ကျွန်တော်တို့ တစ်ယောက်မှ ထိုကိစ္စကို မပြောခဲ့ကြပါ။

ကျွန်တ်ာတို့၏ မူလ ရည်မှန်းချက်သည် မေတ္တာပန်းခင်း လူမှုကူညီရေး အဖွဲ့အတွက် မုဒိတာ ပြောဖို့ဖြစ်သည်။ ထစ်ကနဲရှိ ရန်ထောင်နေဖို့မဟုတ်။ကျွန်တော်တို့ ပြောနေ
ဟောနေတာတွေကို ဒုတိယ သမ္မတ လာနားထောင်လျှင်လည်း သဘောတူပါလိမ့်မည်။

တိုးတက်ချင်သော လူငယ်တိုင်း အတွက် လေ့ကျင့်မွေးမြူရမည့် ဓလေ့စရိုက်တွေကို ကျွန်တော်တို့ ဟောပြောကြခြင်း ဖြစ်သည်။ သတင်းလာယူသော ရဲထောက်လှမ်းရေးတွေ၊ ခရိုင် အုပ်ချုပ်ရေး သမားတွေပါ နှစ်ခြိုက်သွားကြသည်။

ပွဲစီစဉ်သူ လူငယ်များလည်း မျက်နှာပန်းလှကြ၏။ အထူးသဖြင့် ကျွန်တော့် သူငယ်ချင်း ဒေါက်တာ လင်းထွဋ်(ခေါ်)
ပလာယာကြီး ပြုံးဖြီးဖြီး ဖြစ်သွားတော့လေသည်။
ဒီနေရာမှာ သင်ခန်းစာနှစ်ခု ရလိုက်သည်။ တစ်ခုက စိတ်ခံစားမှုကို ဦးစားပေးပြီး ဆတ်ဆတ်ထိမခံ တုံ့ပြန်တာမျိုး မလုပ်မိဖို့ ဖြစ်သည်။

နောက်တစ်ခုကတော့ ကိုယ့်ပြိုင်ဖက်
ကို အားကောင်းသွားအောင် မလုပ်စေဖို့ ဖြစ်သည်။
သေသေချာချာ စဉ်းစားလိုက်လျှင် လူမှုကူညီရေး အဖွဲ့သည် NLD ပါတီ မဟုတ်ချေ။ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့သည် ကြံ့ခိုင်ရေး၏ မဟာမိတ် ဖြစ်သည်။
ခုတော့ NLDရုံးထဲ လူစုအောင်၊ အားတောင့်တင်းအောင် လုပ်ပေးလိုက်သလိုနှယ်။

မြို့နယ်က လူတွေက အုပ်ချုပ်ရေး အဖွဲ့ကို မေတ္တာပို့ကြသလို NLDကို ချစ်အားတွေ ပိုကြလေတော့၏။
ဒီတော့ ကျွန်တော် အထက်က စကားကို ပြန်ဆက်ပါတော့မည်။ ရန်သူတွေ၊ မိတ်ဆွေတွေ မဟုတ်သည့်တိုင် ပြိုင်ဖက်တော့ဖြစ်သည်။ ကိုယ့်ယောက်ဖကို ဗိုင်ရာဂရာ လက်ဆောင် ပေးတာမျိုးသည် နိုင်ငံရေးမှာ သေတွင်းတူးခြင်းပင်။

ဇာဂနာ
( Tomorrow သတင်းဂျာနယ်အမှတ်(၁၁)ပါ ဆောင်းပါး )
Kyaw Swar Myint