ကင်ဆာဆရာဝန်တွေ ဆေးမရှိတဲ့အခါ

ပို့စ်တင်ချိန် - 5/28/2014 07:03:00 PM


“ဆရာ၊ ဒေါ်ဂျမ်းက ပြောတယ်။ ဒီတစ်ခါတော့ ငွေမလောက် လို့ ဆေးမ၀ယ်နိုင်တော့ဘူးတဲ့။ဘာဆေးနဲ့ လဲပေးရမလဲ ဆရာ။”
“ဆရာ၊ Docetaxel က ပစ္စည်းပြတ်နေတယ်။ ဆေးသွင်းရမယ့် ရက်ချိန်းကလည်း ပြည့်နေပြီ။ဘယ်လို လုပ်ရမလဲ။”
“ဆရာ၊ ဒီလူနာက ဆေး လေးခါသွင်းပြီးပြီ။ အကျိတ်တွေက မသေးသွားဘူး။ ဆေးပြောင်းရတော့မယ် ထင်တယ်။”
“ဆရာ၊ လူနာဦးလှရဲ့ သမီးက လာပြောနေတယ်။ ဆေးဖိုးက များလွန်းတော့ ဆေးကို နည်းနည်းလျော့ပြီး သွင်းလို့ရမလားတဲ့။ ကင်ဆာဆေးဖိုးချည်း တစ်လကို တစ်သိန်းလောက် ကျနေတော့ငါးသောင်းလောက်ဖြစ်အောင် ဆေးကို လျှော့လို့ရရင် လျှော့ပေးပါတဲ့ဆရာ။”

ကင်ဆာဆောင်ထဲ နေ့စဉ်ကြားနေကျ စကားတွေ။ ဆရာဝန်ကို ခေါင်းကိုက်ဝေဒနာ စွဲကပ်စေသည့်စကားတွေ။ ဒီလူနာတွေ ကိစ္စဖြေရှင်းပြီးရင် အခန်းဝမှာ ကွက်ကြည့် ကွက်ကြည့်နှင့် စောင့်နေသည့် ဆေးကုမ ဏီမှ ၀န်ထမ်းတွေရှိသေးသည်။။ ဆေးကုမ ဏီမှဆိုသော်လည်း ဆရာဝန်လေးတွေပါ။သူတို့ ကုမ ဏီမှ ဆေးတွေက ဈေးကြီးသည်။ သိန်းကျော်တန်တွေ များသည်။ သို့ပေမယ့် သည်လိုအမျိုးအစားဆေးတွေ ကို အမေရိကန်မှာ၊ စင်္ကာပူမှာ၊ထိုင်းမှာ သွားဝယ်ရင် သည့်ထက် ပိုဈေးကြီးသည်။ နှစ်ဆ၊သုံးဆလောက် ပင် ဈေးပိုများတတ်သည်။

၂၀ရာစုအကုန်ပိုင်းလောက် ကင်ဆာကုသမှုသမိုင်းမှာ ဆေးဝါးအသစ်အဆန်းတွေ အများကြီးပေါ်သည်။ ယနေ့ ဆေးဝါးသုတေသနလုပ်ငန်းများ၏ အဓိက မောင်းနှင်အားမှာ ကင်ဆာဆေးသုတေသနတွေဖြစ်သည်။ စပွန်ဆာပေးသူများက ဒိတ်ဒိတ်ကျဲကင်ဆာဆေးကုမ္ပဏီ ကြီးတွေ။ ဆေးတွေက ကောင်းသလို ဈေးတွေ ကလည်း ကောင်းသည်။ ကင်ဆာလူနာသက်တမ်းတွေ သိသာစွာ ရှည်လျား
လာသည်။ ကင်ဆာသည် သေမိန့်မဟုတ်ဟူသော အားပေးသံတွေ ညံလာသည်။ ဒါက ဒီကနေ့ ကင်ဆာဆေးပညာ၏ မျက်မှောက် အနေအထား။

သည်အချိန်မှာမှ ကျွန်တော်တို့ ကင်ဆာဆရာဝန် ဖြစ်လာရသည်။ “ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်” ပြီး ကမ္ဘာ့ကင်ဆာဆေးလော က၏ အခြေအနေတွေကို ကြား၊သိနိုင်ဖို့ အမြဲတမ်းကြိုးပမ်းနေကြသည်။ ယနေ့ ကျွန်တော်တို့ ကင်ဆာဆောင်များထဲမှာ သုံးနေသည့် ကင်ဆာဆေးတွေက ၂၀ရာစု အလယ်ပိုင်းလောက်က ပေါ်ခဲ့သည့်ဆေးတွေ။ အာနိသင်တွေ ရှိနေကြတုန်း။ ဥပမာ ၁၉၅၀ပြည့်လွန်နှစ်များက ပေါ်ပေါက်ခဲ့သည့် Methotrexate ဆေးဆိုရင် အခုထိ ဒေါင်ဒေါင်မြည် အသုံးတော်ခံနေဆဲ။

၂၀ရာစု အကုန်ပိုင်းမှာ ပေါ်ပေါက်လာသည့် Targeted ကင်ဆာဆေးများ သည်လည်း မြန်မာပြည်ဈေးကွက်အတွင်း ၀င်ရောက်လာနေပြီ။ သို့ပေမယ့် ဈေးကောင်းလှသည်။ အများပြည်သူတို့ လက်လှမ်းမမီ။ ပြသနာတော့ သိပ်မရှိ။ ကင်ဆာအတော်များများက မူလဆေးအဟောင်းများနှင့်လည်း အလုပ်ဖြစ်နေသေးသည်။ အဲ..တစ်ချို့သော လူနာများမှာတော့ သူတို့ဖြစ်သည့် ကင်ဆာအမျိုးအစားက Targeted ဆေးအကောင်းစားများနှင့် ကုသသင့်သော ကင်ဆာတွေဖြစ်နေတတ်သည်။ထိုအခါမျိုးမှာ ဆေးကုသစရိတ်မတတ်နိုင် ရင်တာ့ ထိုလူနာတွေ သနားဖို့ကောင်းပါသည်။ မတတ်နိုင်။ အသက်ကို ဥစ္စာစောင့်သော ခေတ်ပေကိုး။

ကင်ဆာဆရာဝန်တွေကို ခေါင်းကိုက်စေသည်က Targeted ကင်ဆာဆေးတွေ မ၀ယ်နိုင်၊မသုံးနိုင်သည့် ပြသနာမဟုတ်။ ပုံမှန်မူလလက်ဟောင်းကင်ဆာဆေးများကိုပင် ကိုယ့်လူနာတွေကမသုံးနိုင်သည့်ပြသနာပါ။ ဆောင်းပါးအစမှာ ဖော်ပြခဲ့သည့် မေးခွန်းစကားတွေက ကျွန်တော်တို့ နေ့စဉ်ကြုံနေရသည့် မေးခွန်းတွေ။ ကင်ဆာဆေးများ၏ သဘောက ရက်ချိန်းမှန်ရမည်။ ဆေးပမာဏ ပြည့်မီရမည်။ ကင်ဆာ ဆဲလ်သစ်တွေ ပွားမလာနိုင်ခင် အချိန်ကာလကို တွက်ချက်ပြီး ဆေးသွင်းရသည့်သဘောသဘာဝရှိတာမို့ အချိန်ကိုက်ပေးနိုင်ဖို့လိုသည်။ဆေးတွေကို အလွယ်တကူပြောင်းလဲ အစား
ထိုးလို့လည်းမရ။

လူနာတွေအများကြီးနှင့် စမ်းသပ်ကုသထားခဲ့သော ဆေးသုတေသနရလာဒ်အဖြေ များကိုကိုးကားပြီး ကျွန်တော်တို့ ဆေးကုနေကြတာဖြစ်ပါသည်။ဒါ့ကြောင့် တော်ရုံနှင့် ကိုယ်အပတ်တကုပ်ရှာဖွေရွေးချယ်ထားခဲ့သည့် ကင်ဆာဆေးသွင်းကုထုံးတစ်ခုကို အလွယ်တကူပြောင်းမပစ်ချင်ပါ။ ဒီလိုပြသနာတွေကို ကျွန်တော်တို့ ရွှေပြည်မှာပဲ ကြုံနေရတာလား။ ချမ်းသာသောတိုင်းပြည်များမှာတော့ သည်လိုပြသနာတွေ မရှိဘူးထင်သည်။ထိုသို့ ထင်ခဲ့မိသည်။

ကျွန်တော့် အထင်မှားမှန်း အမေရိကန်က ဆေးပညာဂျာနယ်တစ်ပုဒ် ဖတ်ပြီးသောအခါ
သိလိုက်ရသည်။အမေရိကန်ပြည်ထောင်စုမှာလည်း ၂၀၀၆ခုနှစ်မှစတင်လျက် ကင်ဆာဆေးရှားပါး
ပြတ်လပ်မှုနှုင် ကြုံတွေ့နေရသည်။ဆေးပြတ်လပ်ရသည့် အကြောင်းရင်း
ကတော့အများကြီးရှိသည်။ရှုပ်လည်းရှုပ်ထွေးသည်။ ကင်ဆာဆေးများ ပုံမှန်မရသည့်အတွက် လုံးဝပျောက်ကင်းအောင်ကုသနိုင်သည့် လင်ဖိုးမားအကျိတ်ကင်ဆာတွေ အမြစ်မပြတ်ဖြစ်ကုန်သည်။ဒါက ကင်ဆာကုသရေးမှာထိပ်တန်းအကျဆုံးဆိုသည့် အမေရိကမှာဖြစ်နေတာတွေ။

ကင်ဆာဆေးပုံမှန်မရသည့် ပြသနာကို အမေရိကန်ကင်ဆာဆရာဝန်တွေ ဘယ်လိုဖြေရှင်းကြသလဲ။ဒါကို ကျွန်တော်သိချင်သည်။၂၀၁၂ခု၊စက်တင်ဘာလမှ ၂၀၁၃၊မတ်လအတွင်း အမေရိကန်ကင်ဆာဆရာဝန် ၂၁၄ဦးပါဝင်သည့် စစ်တမ်းတစ်ခုကောက်ယူလိုက်သည်။ထိုဆရာဝန်များ၏ ၈၂.၇%သည် ကင်ဆာဆေးမလုံလောက်မှုကြောင့် Standard ဖြစ်မည့်၊အကောင်းဆုံးဟူသည့် ကင်ဆာဆေး
များကို မသုံးစွဲနိုင်ခဲ့ကြဟု စစ်တမ်းများအရသိလာရသည်။သည်လိုဆိုတော့လည်း ကိုယ့်မှာအဖော်ရှိသားပဲဟု ဖြေတွေးနိုင်သည်။

ဆေးမရှိသည့်အခါ အမေရိကန်ကင်ဆာဆရာဝန်တွေ ဘာလုပ်ကြသလဲ။ လေ့လာကြည့်ကြမည်။

နည်းလမ်း(၁)ကင်ဆာကုသဆေးညွှန်းကို လုံးဝပြောင်းလဲလိုက်ကြသည်။ ကင်ဆာဆေး နှစ်မျိုး၊သုံးမျိုးလောက်ပါတတ်သည့် ကုထုံးတစ်ခု လုံးကို ပြောင်းလဲပစ်လိုက်တာဖြစ်သည်။

နည်းလမ်း(၂) ဆေးညွှန်းကိုတော့ မပြောင်း။ ဆေးညွှန်းထဲမှာ ပါသည့်၊ ပြတ်လပ်နေသည့် ဆေးနေရာမှာ တခြားကင်ဆာဆေး
တစ်မျိုးကို အစားထိုးလိုက်ကြသည်။

နည်းလမ်း(၃) ကင်ဆာဆေးသွင်းကုသမှုကို ဆေးပြန်ရသည်အထိ စောင့်ဆိုင်းရန် ရက်ရွှေ့ဆိုင်းလိုက်ရသည်။ အန္တရာယ်ကြီးသော လုပ်ဆောင်ချက်ဖြစ်ပါသည်။ကင်ဆာဆဲလ်တွေ အထိန်းအကွပ်မရှိပွားသွားနိုင်သည်။

နည်းလမ်း(၄) ဆေးအညွှန်းထဲမှာပါသည့် ကင်ဆာဆေးပမာဏကို လျော့ချပစ်လိုက်သည်။

နည်းလမ်း(၅) ဆေးမရှိသည့်အဆုံး ဆက်လက်မကုတော့ပဲ ရပ်လိုက်တာမျိုးဖြစ်သည်။

အထက်ပါနည်းလမ်းအနက် နည်းလမ်း(၁)နှင့် (၂)က ကင်ဆာဆရာဝန် ၇၅%လုပ်ဆောင်နေကြရသည့် နည်းလမ်းများဖြစ်ပါသည်။ Standard ဖြစ်သော၊ အဆင့်မီစံချိန်စံညွှန်းမီ ကုထုံးတွေ မဟုတ်ပေမယ့် အဆင့်မီနည်းပါး အောင်မြင်မှုရ
နိုင်သည့် ကုထုံးများကို အစားထိုးပေးကြရတာဖြစ်ပါသည်။ ကင်ဆာဆေးများ၏ သဘောသဘာဝက ခန္ဓာကိုယ်အလေးချိန်နှင့် တွက်ချက်ပြီး ပေးရသည်။ ဆေးသွင်း အကြိမ်တိုင်းမှာ ပေါင်ချိန်ပြီး သွင်းမည့်ဆေးပမာဏကို တွက်ချက်ရသည်။ ဈေးကြီးသဖြင့် ဆေးကို လျှော့ပေးလို့မရ။တတ်နိုင်သမျှ ပြည့်ပြည့်၀၀
ပေးမှလုံလောက်သည့်အာနိသင်ကိုရမည်။ တစ်ခုတော့ ရှိသည်။ လူနာက ကျောက်ကပ် ၊နှလုံး၊အသည်းစသည့်ကိုယ်တွင်းအင်္ဂါတွေ အားနည်းရင်တော့ ကင်ဆာဆေးပမာဏကို လျှော့ပေးရတာရှိပါသည်။

သေချာသည်ကတော့ ကိုယ့်မျက်စိရှေ့ရောက်လာသည့် ကုသပျောက်ကင်းနိုင်သည့် ကင်ဆာလူနာများကို ဘယ်ကင်ဆာဆရာဝန် ကမှ ဆေးမကုပေးပဲ မနေဟူသည့်အချက်ဖြစ်သည်။ ရနိုင်သလောက်ရှာကြံ၊အလှူခံပြီး ပျောက်နိုင်သည့် ကင်ဆာလူနာကိုတော့ဖြင့် ကုသပေးရပါသည်။ ကုလို့မပျောက်နိုင်၊အဆင့် လွန်ကင်ဆာလူနာတွေ ငွေကြေးမတတ်နိုင်ဆိုရင်တော့ လပိုင်းမျှသာ အသက်ဆွဲဆန့်နိုင်မည့်
ကင်ဆာဆေးများကို ထိုးဖို့၊သွင်းပေးဖို့ ကျွန်တော်တို့ဆရာဝန်တတွေ မတိုက်တွန်းလိုကြတော့ပြီ။

အရေးကြီးဆုံးတစ်ချက်က လူနာ၊လူနာမိသားစုဝင်များအား ကုသမှုအစီအစဉ်ကို အမြဲတမ်းရှင်းပြ၊နားလည်ချက်ယူနေဖို့ဖြစ်ပါသည်။လူနာနှင့် စကားမပြောရင် နားလည်မှုလွဲမည်၊မလိုလားအပ်သည့် ပြသနာတွေဖြစ်နိုင်သည်။

ကျွန်တော်သည် ပတ်ဝန်းကျင်မှာ ကြားနေရသည့် လူမှုရေး၊ဘာသာရေးဆိုင်ရာများမှ လှူဒါန်းမှုများကို သာဓုခေါ်မိသည်။ မတတ်နိုင် သည့် ကင်ဆာလူနာများအတွက် အနည်းဆုံးရသင့်သည့် ကင်ဆာဆေးဝါးကို လူနာတိုင်းပေးနိုင်ဖို့ အလှူရှင်တွေ ပေါ်ပေါက်လာရင် ကောင်း မှာပဲဟုလည်း တွေးမိပါသည်။
ဒါမှမဟုတ် ဆိုင်ရာဌာနများက အစီအစဉ်တွေချမှတ်ပေး၊ လှူဒါန်းသူများ၏ အလှူကို သင့်တော်သည့်နေရာမှာ သုံးစွဲနိုင်ဖို့ စီမံပေး။ သည်လိုဆိုရင်ဖြင့် အလွန်ကောင်းပါလိမ့်မည်။

ကင်ဆာကုသမှုသည် ကုန်ကျစရိတ်များပါသည်။ လုံးဝရောဂါပျောက်ကင်းမှုကလည်း နည်းသည်။ရေရှည်ကုသရမည့် ကင်ဆာမျိုးတွေက ပိုများသည်။သည်တော့ လုံးဝကုသပျောက်ကင်းနိုင်သည့် ကင်ဆာရောဂါများကို ပထမဦးစားပေး၊ တစိတ်တပိုင်းပျောက်ကင်းမည့် ကင်ဆာရောဂါများကို ဒုတိယဦးစားပေး
စသည်ဖြင့် မတတ်နိုင်သည့် ကင်ဆာလူနာများကို မသေသင့်မသေထိုက်ပဲ မသေကြရလေအောင် ကင်ဆာ ဆေးဝါးများ အခမဲ့ပေးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအဆင့်ဖြင့် အကောင်အထည်ဖော်သင့်ပြီဟု ဆင်ခြင်မိပါသည်။ တနေ့တခြားအဖြစ်များလာနေပြီဖြစ်သည့် ကင်ဆာရောဂါကို အောင်မြင်စွာကုသနိုင်ရေးအတွက်အလေးပေးရမည့် အချိန်ရောက်ပြီဖြစ်ပါကြောင်း။

ဆေးပညာဆိုင်ရာဆောင်းပါးများ