ပစ်တ်နှင့် ပူးပေါင်းပြီး အနုပညာ အပိုင်းအစတစ်ခု ဖန်တီးနေသည့် ဂျိုလီ

ပို့စ်တင်ချိန် - 5/18/2014 08:28:00 PM


သူမနှင့် ဘရတ်ပစ်တ်တို့သည် အနုပညာ တစ်ခုကို ပူးပေါင်းဖန်တီးရန် စမ်းသပ်နေကြောင်း အန်ဂျလီနာ ဂျိုလီက ပြောကြားခဲ့သည်။ ဟောလီးဝုဒ်၏ အကျော်ကြားဆုံး စုံတွဲအနေဖြင့် နှစ်ဦးအတူတွဲဖက်ပြီး သရုပ်ဆောင်မည့် ဇာတ်ကားတစ်ခုကို စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေရာ ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဂျိုလီက အရိပ်အမြွက် မှတ်ချက်ပေးလာခြင်း ဖြစ်သည်။ ယင်းဇာတ်ကားသည် ဂျိုလီ စိတ်ကူးရေးသားသည့် ဇာတ်လမ်းကို ဖန်တီးရန်ဖြစ်ပြီး ယခင်က နှစ်ဦးအတူ တွဲဖက်သရုပ်ဆောင်ခဲ့သည့် Mr. and Mrs. Smith ဇာတ်ကားကဲ့သို့မူ အထူးတလည် လူပြောများသည့် ရုပ်ရှင်မျိုး ဖြစ်လာမည် မထင်ကြောင်း သူမက ဖွင့်ဟခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်တော်တော်ကြာတုန်းက ကျွန်မစပြီးတော့ ရေးဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေး ဆိုပါတော့။ ကျွန်မနဲ့ ဘရတ်တို့ နှစ်ယောက်တည်းအတွက် ရည်ရွယ်တဲ့ အပျော်သဘော ကိစ္စလေးပါ။ ဒါပေမဲ့ တစ်ဖက်က စဉ်းစားကြည့်ရင် ဒါဟာ လွတ်လွတ်လပ်လပ် တွေးခေါ်ထားတဲ့ အနုပညာ အပိုင်းအစလေး တစ်ခုလည်း ဖြစ်တယ်လေ။ ကျွန်မတို့ လုပ်ဆောင်နေသမျှ အခြေအနေတွေကနေ ကင်းလွတ်တဲ့ အနေအထားမျိုး ဆိုပါတော့။ ဒါဟာ သေးသေးငယ်ငယ် ကိစ္စလေးပါ။ ဒါပေမဲ့ ကျွန်မတို့ လက်တွေ့စမ်းသပ် အကောင်အထည် ဖော်ဖို့တော့ စိတ်ကူးရှိနေတယ်လေ”ဟု ဂျိုလီက ပြောကြားခဲ့သည်။

Maleficentစတား မင်းသမီးတွင် မွေးစားကလေးငယ်များ အပါအဝင် သားသမီး (၆)ဦးထိ ရှိနေသည်။ သူမက မိမိရော၊ ဘရတ်တို့ပါ ကလေးများကို သရုပ်ဆောင် မဖြစ်စေချင်ကြောင်း ဖွင့်ဟခဲ့သည်။ “ကျွန်မတို့ရဲ့ ကလေးတွေကို ရုပ်ရှင်မရိုက်စေချင်ဘူး။ ဒါပေမဲ့ ဒါဟာ ကျွန်မတို့ ရွေးချယ်လို့ မရနိုင်တဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် မိသားစုထက် ရိုက်ကွင်းပေါ်မှာ အချိန်ပိုကုန်ရတဲ့ ဘဝမျိုးကို ကလေးတွေ မပိုင်ဆိုင်စေချင်ဘူးလေ”ဟု ဂျိုလီက ပြောကြားသွားသည်။

Planet Myanmar Network