မာနလေးတော့ ရှိကြစမ်းပါလို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူတွေကို ပြောခဲ့လဲ

ပို့စ်တင်ချိန် - 5/17/2014 08:10:00 PM


မြန်မာစစ်တပ်က ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးမှာ အခရာကျတဲ့ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာကို ကိုင်စွဲထားတာဟာ အထူးအခွင့်အရေးတွေကို ရယူထားတာဖြစ်တာကြောင့် တပ်မတော်သားတွေ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါပြီ။ မှန်ကန်တဲ့မာနလေးတော့ ရှိကြပါလို့ ဘာ့ကြောင့်ပြောတာလဲ။

ပြည်သူလူထုရဲ့ ထောက်ခံမှုမယူဘဲ ဖွဲ့စည်းပုံထဲမှာ အထူးအခွင့်အရေးတွေကို ရယူထားတာဟာ ရှက်စရာဖြစ်တာကြောင့် မှန်ကန်တဲ့မာနထားဖို့၊ ပြည်သူတွေထက် ပိုသာနေတဲ့ အခွင့်အရေးတွေ ရယူနေတာ ဝမ်းသာစရာမဟုတ်ဘူးလို့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ မေလ ၁၇ရက်နေ့က NLD နဲ့ ၈၈မျိုးဆက်တွေ ပူးပေါင်းပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို တိုက်ရိုက် ဖော်ပြလိုက်ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှု ရမယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုလို့ရှိရင် ဘယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကမှ အထူးအခွင့်အရေး ပေးထားစရာ မလိုပါဘူး။ ဘာအထူးအခွင့်အရေးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတာ မလိုချင်ဘူး။ ပေးထားရင်တောင်မှ ဒါကျွန်မကို စော်ကားတယ်လို့ မြင်ပါတယ်။ ကျွန်မဒီလောက်တောင်ညံ့လို့ ကျွန်မကို အထူးအခွင့်အရေးပေးထားရမှားလားလို့ ပြန်မေးမှာ။
မာနကလေး ရှိကြစမ်းပါ။ မှန်ကန်တဲ့ မာနကလေး ရှိကြစမ်းပါ။ အထူးအခွင့်အရေး မလိုချင်ပါနဲ့။ တပ်မတော်သားတွေကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်၊ စဉ်းစားကြည့်ပါ။ တစ်ခြားပြည်သူပြည်သားတွေထက် အထူးအခွင့်အရေးရနေတာ တစ်ကယ်ပဲ ဝမ်းသာစရာဟုတ်ရဲ့လားလို့ စဉ်းစားကြည့်ပါ။

၈၈မျိုးဆက် ခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း လူထုခေါင်းဆောင်နဲ့အတူ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောခဲ့ပြီး ပြည်သူလူထုရဲ့အင်အားနဲ့ အရေအတွက်ကို ပြတဲ့ပွဲမဟုတ်ဘဲ ပြည်သူကို အထင်သေးနေတဲ့သူတွေကို အရည်အချင်းပြတဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

လူတစ်စုက လူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံ အတည်ပြုတာမျိုး မဖြစ်သင့်ဘဲ ပြည်သူလူထုကသာ ဖွဲ့စည်းပုံ ရေးဆွဲသင့်တယ်လို့ လူထုဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ နာရေးကူညီမှုအသင်းက ဒေါ်သန်းမြင့်အောင်က ဆိုပါတယ်။

ပြည်သူလူထု သိန်းနဲ့ချီတက်ရောက်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်ကျောင်းသားတွေ ပထမဆုံး ပူးပေါင်းကျင်းပတာဖြစ်ပြီး မန္တလေးမြို့မှာလည်း မေလ ၁၈ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ပြင်ဆင်ဖို့ လူထုဆန္ဒကောက်ယူမယ့် ရက်စွဲကို မေလ ၂၇ရက်နေ့ကနေ ဇူလိုင် ၁၉ရက်အထိ သတ်မှတ်ထားပြီး NLD ရဲ့ မြို့နယ်နဲ့ ပြည်နယ်တိုင်းရုံးတွေမှာ လက်မှတ်ထိုးဖို့ စာအုပ်တွေထားမှာဖြစ်ပြီး ပြည်သူတွေကိုယ်တိုင် သွားရောက်ရေးထိုးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Kamayut Media