တစ်ရက်တည်း၌ မူးယစ်ဆေးဝါး ကျပ်သိန်း (၆၀၀) ဖိုး နီးပါး ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 5/21/2014 03:24:00 PM


စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုလ (၁၉) ရက်နေ့ တစ်ရက်တည်းတွင် မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း (၆၀၀) ဖိုး နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ယခုလ(၁၉) ရက်နေ့ နံနက်(၄) နာရီအချိန်တွင် ကလေးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်မည့် ထွန်းတောက် မှန်လုံယာဉ်အသင်းမှ ၉ခ/ ၆၉၇၅ မော်တော်ယာဉ်အား မူးယစ်တပ်ဖွဲ့စု (၈) မှ ဒုရဲမှူး စန်းထွန်းနှင့် အဖွဲ့က မသင်္ကာသဖြင့် ယင်းမာပင်မြို့နယ်၊ ဘန်ဘွေး ကျေးရွာအနီးတွင် စစ်ဆေးခဲ့ရာ ဆီတိုင်ကီ နှင့် ဘတ္တရီ အခန်းကြား အံဝှက်ပြုလုပ်ကာ ပလတ်စတစ်အဖြူဖြင့် ထည့်ပြီး အပြင်ဘက်မှ ပလတ်စတစ် အနက်ရောင်ဖြင့် ထုပ်ပိုးထားသည့် ဆူဒိုအက်ဖီးဒရင်း ဟု ယူဆရသော အဖြူ ရောင်ဆေးပြား တစ်ထုပ်လျှင် (၁၁၀၀၀) ပြား အလေးချိန် (၉၀၀) ဂရမ်စီပါ (၄၀) ထုပ်၊ စုစုပေါင်း ဆေးပြား (၄၄၀၀၀၀) ပြား၊ အလေး ချိန် (၃၆) ကီလိုဂရမ်ခန့်၊ ကာလ တန်ဖိုး ကျပ်သိန်း (၄၄၀) အား ပီနံအိတ်ဖြင့် ထည့်လျက် သယ်ဆောင် လာသည်ကို တွေ့ ရှိရ သည်။

သို့ဖြစ်၍ ဆက်လက် စစ်ဆေးခဲ့ရာ ကလေးမြို့ တာဟန်းရပ်ကွက်နေ ကျင်းဝူ (ခ) ကပ်ဇကျင်း မှ ငွေကျပ်သုံး သိန်း ပေး၍ မန္တလေးမြို့ သို့ ပို့ဆောင်ပေးရန် ထွန်းတောက်ဂိတ်သို့ အပ်နှံထားခဲ့ကြောင်း သိရသဖြင့် မုံရွာမြို့မ ရဲစခန်းမှ မယ(ပ) ၈/၂၀၁၄ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ပုဒ်မ ၁၅/၁၆(ခ) /၂၁ အရ အမှုဖွင့်ထားကြောင်း ပထမသတင်းပေးချက် အရသိရသည်။

အဆိုပါနေ့တွင်ပင် တမူးမြို့၊ ခမ်းပတ် မြို့ နယ်ခွဲ၊ နန်းကတိတ် ကျေးရွာ အထွက်တွင် သတင်းအရ တမူးမြို့မှ ကလေးမြို့သို့ မောင်းနှင်လာ သည့် 125 ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာတွင် ဆိုင်ကယ် မောင်းနှင်လာသူ ကိုင်ဆောင်လာသည့် ကြွပ်ကြွပ်အိတ် အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀ ၀) ပြားပါ (၂၆) ထုပ်နှင့် (၁၀၀) ပြားပါ တစ်ထုပ်၊ စုစုပေါင်း ဆေး ပြား (၅၃၀၀) ပြား၊ ကာလ တန်ဖိုးကျပ် (၁၅၉၀၀ ၀၀၀) အား သိမ်းဆည်းရမိသဖြင့် ခမ်းပတ်မြို့နယ်ခွဲ နယ်မြေရဲစခန်းမှ မယ(ပ) ၂၇/၂၀၁၄ မူးစိတ် ၁၅/၁၉ ( က) /၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။ထို့ပြင် ပင်လယ်ဘူးမြို့နယ်တွင်လည်း မသင်္ကာဖွယ်ရာ ပစ်္စည်းများကိုစစ်ဆေးခဲ့ရာ အဖြူရောင်အမှုန့်နှင့် ပင်နယ်ဆလင် ပုလင်း များ သယ်ဆောင်လာကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းလည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Messenger News Journal