မန္တလေး - မြစ်ကြီးနား တရုတ်ရထား တွဲဆိုင်းများပြုတ်၍ လူစီးတွဲအချင်းချင်းတိုက်မိ ခရီးသည် ဆယ်ဦးထက်မနည်း ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/07/2014 06:26:00 AM


သတင်း၊ ကိုတိုးကြိး
အင်းတော်၊ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နန့်စီးအောင်ကျေးရွာနှင့် မလူးကျေးရွာအကြား မီးရထားလမ်းမိုင်တိုင်အမှတ် ၆၀၈/ ၂ - ၅ နေရာတွင် မေလ ၅ ရက်နေ့ မနက် ၁၀ နာရီက မန္တလေး - မြစ် ကြီးနား တရုတ်ရထားသည် ရထားပြေးဆွဲနေစဉ် တွဲဆိုင်းများပြုတ်၍ လူစီးတွဲအချင်းချင်းတိုက်မိရာမှ ခရီးသည် ဆယ်ဦးထက်မနည်း ဒဏ်ရာများရရှိခဲ့ကြောင်း မြစ်ကြီးနား ရထားတပ်ဖွဲ့စခန်းမှ သိရသည်။
“ တွဲဆိုင်းတွေပြုတ်ပြီး တွဲအချင်းချင်းတိုက်မိတဲ့ရထားစက်ခေါင်းအမှတ်က DF – 1316 ဖြစ်ပါတယ်..” ဟု အဆိုပါ မီးရထားတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိတစ်ဦးမှ အတည်ပြုပြောကြားသည်။
အဆိုပါ ရထားသည် မန္တလေး - မြစ်ကြီးနား အစုန် တရုတ်ရထားဖြစ်ပြီး စက်ခေါင်းမောင်း ဦးမောင်မောင်စိုး နှင့် ဂါတ်ဗိုလ် ဦးဝင်းမြင့်လွင် ဆိုသူမှ တာဝန်ယူခုတ်မောင်းလာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခုတ်မောင်းလာစဉ် စက်ခေါင်းတွဲ၏ နောက် ခြောက်တွဲမြောက် ရိုးရိုးတန်းတွဲ(၁)၊ တွဲအမှတ် 13040 နှင့် BDTEZ – 13009 တွဲ အကြားဆက်သွယ်ထားသည့် ရထားတွဲဆက် ကရိယာမှာပြုတ်ထွက်ပြီး နေက်ကျန်တွဲ(၅)တွဲမှ ရှေ့ရထားတွဲ များအား ၀င်ဆောင့်တိုက်မိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လူစီးတွဲနှစ်တွဲပေါ် စီးနင်းလိုက်ပါသူ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ “ ဒဏ်ရာရခရီးသည် အနည်းဆုံး (၁၀)ဦးခန့်ရှိပါတယ်…။ အများစုကတော့ အမျိုးသမီးခရီးသည်တွေဖြစ်ပါ တယ်..” ဟု အင်းတော်မြို့နယ် ထွေအုပ်ရုံးရှိ ရုံးဝန်ထမ်းတစ်ဦးမှ တုန့်ပြန်ပြောကြားသည်။
ရထားစီး ဒဏ်ရာရခရီးသည်များကို မော်လူးစံပြကျေးရွာရှိ ပုံညဂါဝရ လူမှုကူညီရေးအသင်းမှ လူနာယာဉ် ဖြင့် မိုးညှင်းဆေးရုံသို့ ကူညီပို့ဆောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လူနာများထဲတွင် မခင်မျိုးစိန် အသက်(၄၀)နှစ်ဆိုသူ၏ ရရှိဒဏ်ရာမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာရရှိသည်ဟုလည်း ပုံညဂါဝရ လူမှု ကူညီရေးအသင်းက ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါ ရထားတွဲဆိုင်းများ ပြုတ်ထွက်ခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လမ်းပိုင်းအား ထိုနေ့ မနက် ၁၂ နာရီခွဲတွင် လမ်းကြောင်းပြန်လည်ပွင့်သွားခဲ့ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း