ကလေးမြို့တွင် တပ်က စွန့်လွှတ်လိုက်သည့် မြေများ မူလပိုင်ရှင်များ မရသဖြင့် ဆန္ဒထုတ်ဖော်မည်

ပို့စ်တင်ချိန် - 5/14/2014 08:38:00 PM


လပြည့်ဝန်း

ရန်ကုန်၊ မဇ္ဈိမ။ ။ တပ်မြေအဖြစ်သိမ်းယူခဲ့သည့် ကလေးမြို့နယ် ကန်ကြီးကျေးရွာမှ မြေများကို တပ်က စွန့်လွှတ်မြေ အဖြစ် ပြန်ပေးခဲ့သော်လည်း မူလလက်ငုတ်မြေပိုင်ရှင်များ မရရှိသဖြင့် ၎င်းတို့က မေလ ၁၉ရက်တွင် အင်အား ၃၀၀ခန့်ဖြင့် ဆန္ဒထုတ်ဖော် သွားမည်ဟု မူလလက်ငုတ်မြေပိုင်ရှင် တောင်သူဦးစိုးညွှန့်က မဇ္ဈိမကို ပြောသည်။

“ပိုင်ရှင်ရှိလယ်တွေကို ပိုင်ရှင်ကိုမပေးဘဲ တခြားသူတွေကို ပေးတယ်ဆိုတော့ ဒါက မြေစာရင်းဌာနနဲ့ အုပ်ချုပ်ရေးက လူတွေက ဘယ်လိုလုပ်ဆောင်လိုက်လဲ ဆိုတာကို လယ်သမားတွေ ဘယ်သူမှ မသိလိုက်ဘူး။ လုံးဝမတရားတဲ့ ကိစ္စတစ်ခု ဆိုတာပေါ်လွင်နေတယ်” ဟု မြေ၁၀ဧက ပိုင်ထားသည့် တောင်သူ ဦးစိုးညွှန့်က ပြောသည်။

ဆန္ဒထုတ်ဖော်ရန်အတွက် မေ၁၂ရက်က ကလေးမြို့ မြို့နယ်ရဲတပ်ဖွဲ့သို့ အသိပေးအကြောင်းကြား ထားပြီး ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆန္ဒထုတ်ဖော်သွားမည်ဟု စွန့်လွှတ်မြေရရှိရေး လိုက်ပါဆောင်ရွက်ပေးလျှက် ရှိသည့် အထက်ချင်းတွင်းလူငယ်ကွန်ယက်မှ ကိုကျော်သက်ဝင်း က ပြောသည်။

"အဓိက ကတော့ အောက်ခြေမှာ ဒီလိုဖြစ်နေတယ်ဆိုတာကို ပြည်ထောင်စု အစိုးရအဖွဲ့ထိ သိအောင်လုပ်သွားမယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက လယ်မြေများကို မူလပိုင်ရှင်များ ဆီသို့ သုံးရက်အတွင်း ပေးအပ်သွားမည်ဟု မေလ၁၃ ရက်တွင် လယ်သမားများကို ကလေးမြို့ ခရိုင်ရုံး၌ ပြောကြားခဲ့သည်ဟု ကိုကျော်သက်ဝင်းထံမှ သိရသည်။

ဆန္ဒထုတ်ဖော်မည့် မူလလက်ငုတ် မြေပိုင်ရှင်များမှလည်း တပ်မတော်ဘက်မှ ကတိစကားကို စောင့်ကြည့်ပြီး ဆန္ဒထုတ်ဖော်သင့်၊ မသင့် ဆက်လက်ဆုံးဖြတ်သွားမည်ဖြစ်သည်ဟုလည်း တောင်သူ ဦးစိုးညွှန့်က ဆိုသည်။

တပ်မတော်မှ အဆိုပါကျေးရွာမှ မြေဧက ၅၀၀ ကျော်ကို ၁၉၉၂ခုနှစ်က သိမ်းယူထားပြီး မြေဧက ၂၀၀ ကျော်ကို ပြန်လည်စွန့်လွှတ်ပြီး စီမံကိန်းဖြင့်ပြန်လည်ပေးအပ်ခဲ့သော်လည်း ပိုင်ရှင်မဟုတ်သော တခြား သူများထံ ပေးအပ်လိုက်သဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

Mizzima Burmese