မန္တလေး လျှပ်စစ်ဝန်ထမ်းအိမ်ရာ လူသတ်မှု ရှစ်လကျော်ကြာအထိ အမှုမှန်မပေါ်

ပို့စ်တင်ချိန် - 5/21/2014 07:37:00 PM


မန္တလေး၊ မေ ၂၀

မန္တလေးမြို့တော်တွင် လူသတ်မှု အပါအဝင် ခိုးမှု၊ လုယက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် အနုကြမ်းစီး လူသတ်မှုနှင့် ပတ်သက်၍ ရှစ်လကျော်ကြာသည်အထိ အမှုမှန် မပေါ်ပေါက်သဖြင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး စီမံရေးရာဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ စီမံရေးရာဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးမြသောင်းက The Voice သို့ ပြောကြားသည်။

“ရှစ်လကြာပြီ အခုထိမပေါ်ဘူး။ ဒီအပတ်အတွင်း လျှပ်စစ်ဝန်ကြီးကိုရော၊ နယ်စပ်လုံခြုံရေး ဝန်ကြီးကိုရော ထပ်တိုင်ကြားဖို့ အစီအစဉ် ရှိတယ်။ အခုဟာက တိုင်းရုံးအတွင်းမှာရှိတဲ့ ဝန်ထမ်းအိမ်ရာတွေမှာ လူတွေက ကြောက်ကြောက်လန့်လန့် နေထိုင်နေရတယ်။ လုံခြုံရေး ၂၄ နာရီပေးထားရတယ်၊ CCTV လေးလုံး တပ်ထားရတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံးဝင်းအတွင်းရှိ အရာရှိ ဝန်ထမ်းအိမ်ရာ လေးထပ်တိုက် အဆောက်အအုံ အခန်းအမှတ် (ဘီ-၈)ရှိ လက်ထောက် အင်ဂျင်နီယာ ဒေါ်မိုးသူဇာ၏ အခန်းတွင် အိမ်အကူဖြစ်သူ ဒေါ်အေးလေး အသက် ၆၃ နှစ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့၌ လည်ပင်းညှပ်ရိုး၊ ရင်ညွန့်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ငွေကျပ်ငါးသိန်း၊ ရွှေတစ်ကျပ်သား ဆွဲကြိုးတစ်ကုံး၊ စိန်ဆွဲသီးတစ်လုံး၊ စိန်လက်စွပ်တစ်ကွင်း၊ ပုလဲနားကပ်တစ်စုံ၊ ကလေးလက်စွပ် တစ်ကွင်း ပျောက်ဆုံးခဲ့ကြောင်း ယင်းအိမ်တွင် နေထိုင်သူ ဒေါ်မိုးသူဇာ၏ ဖခင်ဦးမြမောင်က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့တွင် အမှုဖွင့်ခဲ့သော်လည်း မေလ ၂၀ ရက်နေ့တိုင် အမှုမှန် ပေါ်ပေါက်မှု မရှိသဖြင့် အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၏ လုံခြုံရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များ ၂၄ နာရီချထား ဆောင်ရွက်နေရသဖြင့် အမှုမှန် အမြန်ပေါ်ပေါက်စေရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ထံသို့ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ထပ်မံရှင်းပြသည်။

ယင်းနှင့်ပတ်သက်ပြီး သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားသော အမှတ် (၈) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါအမှုကို ဆက်လက်စုံစမ်း ဖော်ထုတ်နေဆဲ ဖြစ်ကြောင်း စခန်းတာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားသည်။

The Voice Weekly